လန်ဒန် ဇူလိုင် ၉
ဥရောပသမဂ္ဂ(အီးယူ)မှ ဗြိတိန်နုတ်ထွက်မှုအရေး ညှိနှိုင်းရာတွင် အစိုးရအဖွဲ့ဝင်များအနေဖြင့် ရန်မလိုဘဲ ညီညွတ်ကြရန် ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေက ပြောဆိုခဲ့ပြီးနောက် နှစ်ရက်အကြာတွင် ဗြိတိန်နုတ်ထွက်မှု(ဘရက်ဇစ်) ညှိနှိုင်းရေးရာဝန်ကြီး ဒေးဗစ် ဒေးဗီးစ်သည် ရာထူးမှနုတ်ထွက်ခဲ့သည်။
အီးယူမှ ဗြိတိန်နုတ်ထွက်မှုအရေး စေ့စပ်ညှိနှိုင်းမှုကို တာဝန်ယူထားသည့် ဝန်ကြီး ဒေးဗီးစ်နုတ်ထွက်မှုက ဝန်ကြီးချုပ်ထရီဆာမေ အတွက် အကြီးအကျယ် ထပ်မံထိုးနှက်ရာရောက်ခဲ့သည်။ အီးယူမှနုတ်ထွက်ပြီးနောက် အီးယူနှင့်ဗြိတိန် ကုန်သွယ်မှုကို အနီးကပ်ဆုံး ဆက်လက် ထိန်းသိမ်းထားရန် ထရီဆာမေ၏အစီအစဉ်က ဘရက်ဇစ်လုပ်ငန်းစဉ်ကို အောက်ခြေက လှိုက်စားစေခဲ့ကြောင်း ဒေးဗီးစ်က စွပ်စွဲပြောဆိုကာ ဇူလိုင် ၈ ရက်ညပိုင်းတွင် နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။
ထရီဆာမေ၏ကမ်းလှမ်းချက်က အီးယူနှင့်ညှိနှိုင်းရာတွင် ဗြိတိန်အတွက် အားအနည်းဆုံးအနေအထား ဖြစ်သွားစေခဲ့သည်မှာ ရှောင်လွှဲမရတော့ကြောင်းလည်း ဒေးဗီးစ်က ပြောဆိုခဲ့သည်။ လွန်ခဲ့သည့်နှစ်များအတွင်း လိင်မှုစွဲချက်များ၊ အခြားအရှုပ်တော်ပုံများဖြင့် ဝန်ကြီးအများအပြား နုတ်ထွက်ထားရသည့် ထရီဆာမေအစိုးရအတွက် ဒေးဗစ္စနုတ်ထွက်မှုကြောင့် ပိုမိုအားနည်းသွားခဲ့ရသည်။ ဒေးဗီးစ်သည် ဘရက်ဇစ်ကို အပြည့်အဝထောက်ခံသူဖြစ်ပြီး အီးယူနှင့် ပြတ်ပြတ်သားသား လမ်းခွဲလိုသည်။ ယင်းကြောင့် ဗြိတိန်၏အဓိကကုန်သွယ်ဘက်များနှင့် ဆက်ဆံမှုမပြတ်တောက်လိုသည့် အစိုးရတွင်းမှ အခြားသူများနှင့် သဘောထားအလွန်ကွဲပြားခဲ့သည်။
၄င်းနုတ်ထွက်မှုကြောင့် ဘရက်ဇစ်အရေးတွင် မေသည်အလွန်အလျှော့ပေးလွန်းသည်ဟု ယူဆပြီး မေ၏ခေါင်းဆောင်မှုကို စိန်ခေါ်နေသည့် ကွန်ဆာဗေးတစ်အမတ်များကို ပိုမိုရဲတင်းစေတော့မည်ဖြစ်သည်။ ၂၀၁၉ မတ် ၂၉ တွင် အီးယူမှ ဗြိတိန်ထွက်ခွာတော့မည်ဖြစ်ရာ ၉ လပင်မပြည့်တော့သည့် ယင်းကာလအတွင်း ထွက်ခွာမှုသဘောတူညီချက် အပြီးသတ်ရန် အီးယူက အကြိမ်ကြိမ် သတိပေးထားသည်။
မည်သို့ဖြစ်စေ ဝန်ကြီးချုပ်မေ၏အစီအစဉ်ကို ထောက်ခံကြသည့် ဘရက်ဇစ်လိုလားသူဝန်ကြီးများလည်း ကျန်ရှိနေသည်။ မိမိတို့အားလုံးသည် သင့်လျော်သည့် ဘရက်ဇစ်အစီအစဉ်ကို အလိုရှိကြကြောင်း၊ မေ၏အစီအစဉ်သည် ဗြိတိန်အတွက် အကောင်းဆုံးအစီအစဉ်ထဲမှ တစ်ခုဖြစ်ကြောင်း၊ စေ့စပ်ညှိနှိုင်းမှုအစီအစဉ်အတိုင်း ဆက်လုပ်သွားရန် မေ၏နောက်မှ ရပ်တည်သွားမည်ဖြစ်ကြောင်း ပတ်ဝန်းကျင်ရေးရာဝန်ကြီး မိုက်ကယ်ဂုဗ်က ပြောဆိုခဲ့သည်။ ဒေးဗီးစ်အပါအဝင် မေ၏ဝန်ကြီးအဖွဲ့သည် အနာဂတ်တွင် အီးယူနှင့်ကုန်သွယ်မှုနီးကပ်စွာပြုရန် အစီအစဉ်တစ်ရပ်ကို ဇူလိုင် ၆ ရက်က သဘောတူခဲ့ကြပြီးဖြစ်သည်။

















