လန်ဒန် ဇူလိုင် ၉
လန်ဒန်တောင်ပိုင်း၌ နာ့ဗ်ကြောအဆိပ်မိခဲ့သည့် အသက် ၄၄ နှစ်ရွယ် အမျိုးသမီး ဒေါင်းစတူဂက်စ်သည် ဆာလ်ဗျူရီ ဆေးရုံတွင် ဇူလိုင် ၈ ရက်ကသေဆုံးသွားခဲ့ကြောင်း ဗြိတိန်ရဲတပ်ဖွဲ့က ပြောဆိုသည်။
စတူဂက်စ်သည် ဇွန် ၃၀ ရက်က အသက် ၄၅ နှစ်ရွယ် ချာလိီရိုလေးနှင့်အတူ နေမကောင်းဖြစ်ကာ လဲကျခဲ့ပြီးနောက် ဆေးရုံတင်ပို့ကုသမှု ခံယူခဲ့သည်။ ၄င်းသည် နိုဗီချော့ခ် အဆိပ်မိခြင်းဖြစ်ကာ မတ်လအတွင်းက ဆာလ်ဗျူရီတွင်ပင် ရုရှား သူလျှိုဟောင်း ဆာဂေးဆာကရီပါးလ်နှင့် သမီးဖြစ်သူ ယူလီယာတို့ အဆိပ်ဖြင့်တိုက်ခိုက်ခံခဲ့ရရာတွင် အသုံးပြုခဲ့သည့်အဆိပ်နှင့် အမျိုးအစားအတူတူပင် ဖြစ်ကြောင်း သိရသည်။
ဆာကရီပါးလ်နှင့်သမီး အဆိပ်ဖြင့်တိုက်ခိုက်ခံရမှုသည် ရုရှားလက်ချက်ဖြစ်ကြောင်း ဗြိတိန်က အပြစ်တင်ခဲ့ပြီး ရုရှားကလည်း အပြင်းအထန် ငြင်းဆန်ခဲ့ကာ လုပ်ကြံဇာတ်လမ်းသာဖြစ်ကြောင်း ပြောဆိုခဲ့၍ နှစ်နိုင်ငံဆက်ဆံရေး ထိခိုက်ခဲ့သည်။ ယခုဖြစ်ရပ်အတွက်လည်း ဗြိတိန်ရဲက သေမှုသေခင်း ဖွင့်လှစ်လိုက်ပြီး ဝန်ကြီးချုပ် ထရီဆာမေက အလျင်အမြန် စုံစမ်းစစ်ဆေးရန် ညွန်ကြားခဲ့သည်။
နောက်ဆုံးအဖြစ်အပျက်အတွက် ရုရှားအနေဖြင့် တစ်စုံတစ်ရာ ရှင်းပြသင့်ပြီဖြစ်ကြောင်း ဗြိတိန်ပြည်ထဲရေးဝန်ကြီး ဆာဂျစ်ဂျာဗစ်ဒ်က လွန်ခဲ့သည့်အပတ်၌ ပြောဆိုခဲ့သည်။
မစ္စစတူးဂက်စ်နှင့် မစ္စတာရိုလေးတို့သည် ဆာဂေးနှင့်သမီး ယူလီအာတို့ မတ်လတွင် အဆိပ်မိခဲ့သည့် နေရာများသို့ သွားရောက်ခဲ့သည့် အထောက်အထားများ မတွေ့ရကြောင်း ဗြိတိန်ရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်။
စစ်အေးခေတ် ဆိုဗီယက်ယူနီယံက ထုတ်လုပ်ခဲ့သည့် နိုဗီချော့ဖ် အာရုံကြောအဆိပ် အသုံးပြုခဲ့သည်ဟု ယူဆပြီး ဗြိတိန်ရဲအရာရှိ ၁၀ဝ ကျော်တို့က ဆက်လက်စုံစမ်းရှာဖွေလျက်ရှိသည်။

















