ဟနွိုင်း ဇူလိုင် ၉
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက ဗီယက်နမ်နှင့် ဆက်ဆံရေးတိုးတက်လာခြင်းကို အထူးတလည် ချီးမွမ်းပြောဆိုလိုက်ပြီး ပြန်လည်သင့်မြတ်ရေးနှင့်ပတ်သက်လျှင် မြောက်ကိုရီးယားအတွက် ဗီယက်နမ်သည် အတုယူဖွယ် နမူနာပင် ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။
နျူကလီးယားကင်းစင်ရေးဆွေးနွေးရန် မြောက်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့သို့ ရောက်ရှိခဲ့သည့် မိုက်ပွမ်ပီယိုသည် ယင်းတို့မှတစ်ဆင့် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းသို့ရောက်ရှိပြီးနောက် ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ ဟနွိုင်းတွင် ပွမ်ပီယိုသည် ဗီယက်နမ်ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးအပါအဝင် ထိပ်တန်းအရာရှိများနှင့်တွေ့ဆုံခဲ့သည်။
ဗီယက်နမ်နှင့် အမေရိကန်ဆက်ဆံရေးသည် အလွန့်အလွန်ထူးခြားသည်ဟု မိမိတို့သတ်မှတ်ကြောင်း၊ မြောက်ကိုရီးယားအရေးနှင့်ပတ်သက်၍ မိမိတို့အားထုတ်မှုကို ထောက်ခံမှုအတွက်လည်း လေးစားကြောင်း ပွမ်ပီယိုက ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး ဖမ်ဘင်မင်းကို ပြောဆိုခဲ့သည်။ မြောက်ကိုရီးယားအနေဖြင့် နျူလက်နက်ဖျက်သိမ်းရေးကို ပွင့်လင်းမြင်သာစွာနှင့် စစ်ဆေးခံနိုင်သည့်နည်းလမ်းများဖြင့် ဆောင်ရွက်မှုမပြုမချင်း ပိတ်ဆို့မှုများချမှတ်ရာတွင် ဗီယက်နမ်က ပူးပေါင်းပါဝင်မှုတိုးမြင့်ရေးကို ပွမ်ပီယိုက ဆွေးနွေးခဲ့သည်။
ပွမ်ပီယိုသည် ကမ္ဘာတစ်လွှားခရီးစဉ်အလယ်ပိုင်းသို့ ရောက်ရှိနေပြီး ဗီယက်နမ်မှတစ်ဆင့် ယူအေအီးသို့ သွားရောက်ကာ ယင်းနောက် ဘယ်လ်ဂျီယံသို့သွားရောက်ပြီး သမ္မတထရမ့်နှင့်အတူ နေတိုးအဖွဲ့ ထိပ်သီးအစည်းဝေးပွဲသို့ လိုက်ပါတက်ရောက်မည်ဖြစ်ကြောင်းလည်း သိရသည်။

















