တောင်ငူမြို့ ထီးလှိုင်ရွှေဂူကြီးဘုရားအနီး ဖြစ်ပွားခဲ့သည့် တပ်မတော်သားတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးခဲ့မှုနှင့်ပတ်သက်၍ ကေတီဗွီဆိုင်ဝန်ထမ်း ၃ ဦးကို အမှုဖွင့်အရေးယူထားကြောင်း တောင်ငူမြို့နယ် အမှတ်(၂) နယ်မြေရဲစခန်းမှူး ရဲအုပ်အောင်ကိုကိုက ဇူလိုင် ၉ ရက်တွင် မြန်မာတိုင်းမ်ကို ပြောသည်။
ဇူလိုင် ၇ ရက်နေ့ နံနက် ၃ နာရီ ၁၅ မိနစ်အချိန်ခန့်က တောင်ငူမြို့နယ် ထီးလှိုင်လမ်းတွင် လူတစ်ဦး ဒဏ်ရာများနှင့်သေဆုံးနေမှုနှင့်ပတ်သက်၍ တောင်ငူအမှတ် (၂) နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက စစ်ဆေးခဲ့သော အမှုဖြစ်သည်။
" အခင်းဖြစ်တဲ့နေရာက ရန်ကုန် မန္တလေး အမြန်လမ်းမကြီးကို ဆက်သွယ်ထားတဲ့ ကွန်ကရစ် လမ်းမကြီးဘေးမှာဖြစ်ခဲ့တာပါ။ ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဝင်တွေက တွေ့လို့ သက်ဆိုင်ရာကို သတင်းပေးခဲ့တာပါ" ဟု ထီးလှိုင်ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။
မြို့နယ်ရဲစခန်းမှူး နှင့်အဖွဲ့က အခင်းဖြစ်ရပ်သို့သွားရောက် စစ်ဆေးချက်အရ သေဆုံးသူ အမျိုးသား (စိစစ်ဆဲ) မှာ နဖူးအောက်မေး ပွန်းခြစ်ဒဏ်ရာ၊ ယာနားရွက်နောက်ထိုး သွင်းဒဏ်ရာ၊ ဝဲရင်အုံ ဝဲနံကြား ဝဲနံစောင်း တို့တွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိသဖြင့် တောင်ငူ အမှတ်(၂) နယ်မြေ ရဲစခန်း (ပ)၅၉၁/၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်စုံစမ်းခဲ့သည်။
သေဆုံးသူ အမျိုးသား၏ ခါးကြားအတွင်းအမှုဖြင့်သိမ်းဆည်းခဲ့သည့် ပိုက်ဆံအိတ်အတွင်း အရာရှိစစ် ဆေးရေးကတ်နှင့် နိုင်ငံသားကတ်များအရ သေဆုံးသူမှာ တနင်္သာရီတိုင်းဒေသကြီး ခမရ ၅၁ မှ ဆေးဗိုလ် အာကာဖြိုး(ခ)အေးချမ်းကိုကို(၂၆ နှစ်) ဖြစ်ကြောင်း သိရသည်။ သေဆုံးမှုနှင့်ပတ်သက်၍ တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး ထိန်ဝင်း၏ လမ်းညွန်မှုဖြင့် တောင်ငူခရိုင် မှုခင်းနှိမ်နင်းရေးဌာနစိတ်၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များက ပူးပေါင်းစုံစမ်းခဲ့သည်။
စုံစမ်းချက်များအရ သေဆုံးသူမှာ အခင်းမဖြစ်မီက အမေ့သားကေတီဗွီဆိုင်သို့ သွားရောက်ခဲ့ပြီး ဆိုင်တွင်းရှိ ဝိတ်တာလူငယ်များနှင့် လူငယ်ချင်းအချင်းများ ခဲ့ပြီးနောက် ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်း ဖြစ် ကြောင်း သက်ဆိုင်ရာ၏ စစ်ဆေးချက်များအရ သိရသည်။ သေဆုံးသူ၏ ခါးကြားအတွင်းတွေ့ရှိခဲ့သည့် ပိုက်ဆံအိတ်အတွင်းမှ တနင်္သာရီတိုင်း ဒေသကြီး ခမရ ၅၁ ပါ ဝန်ထမ်းကတ် လိပ်စာနှင့်ပတ်သက်၍ '' တပ်မတော်သားတစ်ယောက်ဖြစ်တဲ့ အတွက်ကြောင့် သူ့ရဲ့ မူလတပ်ရင်းကနေ တာဝန်ကျတဲ့ စစ်ဆင်ရေးရှိတဲ့ တပ်မှာ ခေတ္တရောက်နေတဲ့ အချိန်မှာ လူငယ် သဘာဝ အပြင်ထွက်ရာကနေဖြစ်ပွား ခဲ့ တာပါ" ဟု ရဲအုပ်အောင်ကိုကိုက ပြောသည်။
သက်ဆိုင်ရာ၏ စုံစမ်းဖော်ထုတ်ချက်များအရ ကေတီဗွီဆိုင်မှ ဝန်ထမ်းများဖြစ်ကြောင်း သိရသဖြင့် တောင်ငူမြို့နေ ဘိုဘိုမင်း (ခ)ဘိုဘို ၂၄ နှစ်၊ လှိုင်သာယာမြို့နယ်နေ အောင်ကိုကို ၂၁ နှစ်၊ စဉ့်ကူးမြို့နေ သိန်းသန်းဝင်း၊ ၂၂ နှစ် တို့ (၃) ဦးကို ဇူလိုင် ၇ ရက်နေ့ နံနက် ၇ နာရီခွဲတွင် ဖမ်းဆီးအရေးယူခဲ့သည်။
'' လူငယ်ချင်း စကားများရန်ဖြစ်တာကနေ ဒေါသအလျောက် ပြစ်မှုကျူးလွန်ခဲ့တာလို့တော့ စစ်ဆေး ချက်တွေအရ သိရတယ်။ လောလောဆယ် သူတို့ကို ရဲလုပ်ငန်းကုန်စင်အောင် ဆောင် ရွက်နိုင် ဖို့အတွက် ချုပ်ရမန်ယူပြီးစစ်ဆေးနေတယ်" ဟု တောင်ငူ အမှတ် (၂) နယ်မြေရဲစခန်းမှူး ရဲအုပ် အောင်ကိုကို က ပြောသည်။
















