တိုကျို ဇူလိုင် ၉
ဂျပန်နိုင်ငံ အနောက်ပိုင်းတွင် စံချိန်တင် မိုးကြီးမှုကြောင့် ရေကြီး မြေပြိုမှုများဖြစ်ပွားကာ သေဆုံးသူ ၁၀ဝ ထက်မနည်း ရှိလာပြီဖြစ်ကြောင်း ဂျပန်အစိုးရ ထုတ်ပြန်ချက်အရ သိရသည်။
ပျောက်ဆုံးသူ ၅၀ ကျော် ရှိနေသေးကြောင်းလည်း ဂျပန်တိုင်းမ် သတင်းစာက ဖော်ပြသည်။ ဇူလိုင် ၅ ရက်နောက်ပိုင်းက စတင်ကာ ဂျပန်အနောက်ပိုင်းဒေသတစ်ခွင်တွင် ဇူလိုင် တစ်လလုံး ပျမ်းမျှမိုးရေချိန်၏ သုံးဆများသော မိုးရေချိန်မျိုး ရက်ပိုင်းအတွင်း ရွာသွန်းခဲ့သဖြင့် မြစ်များရေလျှံကာ လူပေါင်း နှစ်သန်းကျော်ကို အရေးပေါ် ကယ်ဆယ်ရွှေ့ပြောင်းပေးခဲ့ရသည်။ ယခုလောက် မိုးကြီးမှုမျိုးကို တစ်ခါမျှ မကြုံဖူးကြောင်း မိုးလေဝသဌာန တာဝန်ရှိသူတစ်ဦးကလည်း ပြောသည်။
ဇူလိုင် ၉ ရက် နံနက်ပိုင်းတွင်လည်း ကယ်ဆယ်ရေးသမားများသည် ရွှံ့ နွံများအတွင်း ပိတ်မိနေသည့် သက်ရှင်ကျန်ရစ်သူများ ရှိ မရှိကို ဆက်လက်ရှာဖွေခဲ့ကြသည်။ အိုကာယာမာ စီရင်စုတွင် ရေလယ်ဗယ် တဖြည်းဖြည်းကျဆင်းလာနေပြီဖြစ်သောကြောင့် ရေဘေးဒဏ် အဆိုးဆုံးခံခဲ့ရသည့် နေရာများသို့ ကယ်ဆယ်ရေးအဖွဲ့များ ခြေလျင်သွားရောက်နိုင်ပြီဖြစ်ကြောင်းလည်း သိရသည်။ ဟီရိုရှီးမားစီရင်စုတွင် ရေဘေးကြောင့် လူသေဆုံးမှု အများဆုံးဖြစ်ကြောင်း သိရသည်။
ကယ်ဆယ်ရေးအဖွဲ့များသည် အချိန်နှင့်စစ်ခင်းကာ ကယ်ဆယ်ရေးများ အားသွန်လုပ်ဆောင်နေကြောင်း ဝန်ကြီးချုပ် ရှင်ဇို အာဘေးက ပြောသည်။ ရှီကိုကူကျွန်းပေါ်ရှိ မိုတိုရာမာမြို့တွင် ဇူလိုင် ၆ ရက်နှင့် ၇ ရက်အကြား တစ်ရက်တာအတွင်း မိုးရေချိန် ၂၃ လက်မထိ စံချိန်တင် ရွာသွန်းခဲ့သည်။

















