ဒေလီ ဇူလိုင် ၉
အိန္ဒိယနိုင်ငံ အာတာ ပရာဒေ့ရှ်ပြည်နယ်ရှိ မီးရထား ဘူတာရုံပိုင်တစ်ဦး တာဝန်ချိန်တွင် မူးပြီး အိပ်ပျော်နေသဖြင့် ရထားအများအပြား ထွက်ခွာခွင့် မရဘဲ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ရကြောင်း သိရသည်။
မာရှာပါ ဘူတာရုံ၏ ရုံပိုင် ဒိ ဆင်းသည် တာဝန်ရှိသူများက ဆက်သော ဖုန်းများကိုလည်း တုံ့ပြန်ခြင်းမရှိသလို၊ ရထားများကိုလည်း မီးအချက်ပြမပေးသဖြင့် တာဝန်ရှိသူများ စိုးရိမ်ကာ ဘူတာရုံကို သွားရောက်စစ်ဆေးသည်တွင်မှ မူးပြီး အိပ်ပျော်နေသည်ကို တွေ့ရှိရခြင်း ဖြစ်သည်။ ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်အရ မစ္စတာ ဆင်းသည် ရုံးခန်းထဲရှိ ခေါက်ခုတင်တွင် အိပ်ပျော်နေပြီး အရက်ပုလင်းလွတ် အများအပြားလည်း ဘေးဘီတွင် ပြန့်ကျဲနေကြောင်း သိရသည်။
ဖြစ်စဉ်ကို သက်ဆိုင်ရာ အာဏာပိုင်များက စုံစမ်းစစ်ဆေးကာ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။ ဆေးဘက်ဆိုင်ရာ စစ်ဆေးချက်များအရလည်း မစ္စတာ ဆင်း၏ သွေးအတွင်း အယ်လ်ကိုဟောဓာတ် အလွန်မြင့်မားနေကြောင်း အတည်ပြုနိုင်ခဲ့သည်။
မစ္စတာ ဆင်းသည် လူမှန်းသူမှန်း မသိအောင် မူးနေကြောင်း၊ လမ်းပင် ကောင်းကောင်းမလျှောက်နိုင်ကြောင်းဖြင့် ရထားတာဝန်ရှိသူတစ်ဦး၏ ပြောစကားကို ကိုးကားကာ သည်ဟိန္ဒူ သတင်းစာက ဖော်ပြသည်။ လုပ်ငန်းပိုင်းဆိုင်ရာ ကျင့်ဝတ်ချိုးဖောက်မှုဖြစ်သောကြောင့် အရေးယူသွားမည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။
မာရှာပါ ဘူတာရုံပိုင် မူးပြီး အိပ်ပျော်နေကာ မီးစိမ်းမပြသဖြင့် ခရီးဝေး ရထားအများအပြားသည်လည်း ရှေ့မဆက်နိုင်ဘဲ နာရီနှင့်ချီ ရပ်စောင့်နေခဲ့ရကြောင်း သိရသည်။ အိန္ဒိယနိုင်ငံတွင် နေ့စဉ် ရထားစီးခရီးသည် ၂၂ သန်းကျော်ရှိပြီး ရထားအစီး ၉၀ဝ၀ ကျော်ဖြင့် ပြေးဆွဲပေးလျက်ရှိကာ မာရှာပါ ဘူတာသည်လည်း ရထားဖြတ်သန်းမှု များပြားသော ဘူတာဖြစ်သည်။
အိန္ဒိယတွင် အလားတူ ရထားဝန်ထမ်းများ ပေါ့လျော့မှုများလည်း ရှိခဲ့သည်။ ယခုနှစ် ဧပြီတွင် ဩရိသပြည်နယ်တွင် ခရီးသည်တင် ရထားတစ်စီးမှ တွဲ ၂၂ တွဲ ပြုတ်ထွက်ကာ ၁၁ ကီလိုမီတာခန့် အရှိန်ဖြင့် နောက်ပြန်သွားမှု ဖြစ်ပွားခဲ့သဖြင့် တာဝန်ရှိသူများကို အရေးယူခဲ့ရဖူးသည်။

















