ဝယ်လင်တန် ဇူလိုင် ၉
လေယာဉ်ထွက်လုဆဲဆဲအချိန်ထိ ဖုန်းပြောနေသော နယူးဇီလန် ပို့ဆောင်ရေးဝန်ကြီးသည် လေကြောင်းဥပဒေဖောက်ဖျက်မှုဖြင့် ဒဏ်ရိုက်ခံလိုက်ရကြောင်း သိရသည်။
လေကြောင်းဥပဒေ ဖောက်ဖျက်မှုဖြင့် ဖီလ် ဝီဖို့ဒ်ကို နယူးဇီလန် လေကြောင်းပို့ဆောင်ရေးအာဏာပိုင်အဖွဲ့က နယူးဇီလန်ဒေါ်လာ ငါးရာ (၃၄၀ ဒေါ်လာ) ဒဏ်ရိုက်လိုက်သည်။ လေယာဉ်ထွက်ခွာခါနီးတွင် ဖုန်းမှထွက်သည့် လျှပ်စစ်သံလိုက်လှိုင်းများကြောင့် လေယာဉ်ထိန်းချုပ်ကိရိယာများ အနှောင့်အယှက်မဖြစ်စေရန်အတွက် ဖုန်းမသုံးရဟု ကန့်သတ်ထားခြင်းဖြစ်ကြောင်း အာဏာပိုင်အဖွဲ့က ပြောသည်။ ဝီဖို့ဒ်သည် လေယာဉ်ပျံတက်ခါနီးတွင် ဖုန်းချခဲ့သဖြင့် လေယာဉ်ပျံသန်းမှု လုံခြုံရေးကို မထိခိုက်စေခဲ့သော်လည်း အန္တရာယ်ဖြစ်ပွားနိုင်ခြေရှိသည့် အပြုအမူမျိုး ဆောင်ရွက်ခဲ့သည်ဖြစ်သောကြောင့် ဥပဒေချိုးဖောက်မှုမြောက်သည်ဟု အာဏာပိုင်အဖွဲ့က ဆုံးဖြတ်ခဲ့သည်။
ဝီဖို့ဒ်သည် ယခင်က လေကြောင်းဘေးကင်းလုံခြုံရေး ဘုတ်အဖွဲ့ အကြီးအကဲအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး မေလက အလားတူပင် လေယာဉ်ပျံတက်လုဆဲဆဲ အချိန်ထိ ဖုန်းပြောနေသဖြင့် ဘုတ်အဖွဲ့မှ ထုတ်ပယ်ခံခဲ့ရသူလည်း ဖြစ်သည်။ ဝီဖို့ဒ်ကဲ့သို့ပင် လေကြောင်းဥပဒေကို ချိုးဖောက်နေသူ အများအပြားရှိနေကြောင်း၊ ဝီဖို့ဒ်ကဲ့သို့ အရေးပါသည့် ပုဂ္ဂိုလ်တစ်ဦးကို စံနမူနာပြ အရေးယူလိုက်ခြင်းအားဖြင့် အခြားသူများကိုလည်း ပညာပေးလိုက်ရာရောက်ကြောင်းဖြင့် ယာယီ ဝန်ကြီးချုပ် ဝင်စတန် ပီတာက ပြောသည်။ ဝီဖို့ဒ်၏ အပြုအမူကို အတိုက်အခံ လွှတ်တော်အမတ်တစ်ဦးက တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
နယူးဇီလန် လေကြောင်းဥပဒေအရ လေယာဉ်တံခါးများ ပိတ်ပြီးချိန်မှ စတင်ကာ ဖုန်းပြောခြင်း၊ စာသားမက်ဆေ့ပို့ခြင်းများကို တားမြစ်ထားသည်။ လေယာဉ်ပေါ်တွင် ဖုန်းပြောခြင်းကြောင့် ထွက်ရှိလာသည့် လျှပ်စစ်သံလိုက်လှိုင်းများသည် လေယာဉ်ထိန်းချုပ်စနစ်များအပေါ် လွှမ်းမိုးမှုနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် နှစ်များစွာ တောက်လျှောက် အငြင်းပွားမှုများ ရှိခဲ့ပြီး ယခုနောက်ပိုင်းတွင် ကန့်သတ်ချက်များကို လျှော့ချပေးလာသည့်တိုင် လေယာဉ်ပျံတက်ခါနီးတွင် ဖုန်းပြောခြင်း၊ စာသားမက်ဆေ့ပေးပို့ခြင်းများကိုမူ တားမြစ်ထားဆဲ ဖြစ်သည်။

















