တူရကီတွင် အစ္စတန်ဘူလ်သို့ ဦးတည်လာသည့် ရထား လမ်းချော်တိမ်းမှောက်မှုကြောင့် ၂၄ ဦး သေဆုံး

တူရကီတွင် အစ္စတန်ဘူလ်သို့ ဦးတည်လာသည့် ရထား လမ်းချော်တိမ်းမှောက်မှုကြောင့် ၂၄ ဦး သေဆုံး

အစ္စတန်ဘူလ်     ဇူလိုင် ၉ 
    တူရကီနိ်ုင်ငံ အနောက်မြောက်ပိုင်းတွင် ခရီးသည်တင်ရထား လမ်းချော်တိမ်းမှောက်မှုကြောင့် ၂၄ ဦး သေဆုံးကာ ၃၀ဝ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒုဝန်ကြီးချုပ် ရီဆပ် အာဒက်က ထုတ်ပြန်ပြောကြားသည်။ 

ဘူဂေးရီးယားနှင့်နယ်စပ်ရှိ ကာပီကူလီမြို့မှ အစ္စတန်ဘူလ်မြို့သို့ ဦးတည်ခုတ်မောင်းလာစဉ် လမ်းချော်တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရထားပေါ်တွင် ခရီးသည် ၃၆၀ ခန့် လိုက်ပါလာပြီး တွဲ ၆ တွဲ လမ်းချော်တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။ ရထားတိမ်းမှောက်ရခြင်း အကြောင်းရင်း မသိရသေးသော်လည်း သက်ဆိုင်ရာ အာဏာပိုင်များကမူ ရာသီဥတုဆိုးရွားမှုနှင့် မြေပြိုမှုများကြောင့် ရထားလမ်း ပျက်စီးကာ လမ်းချော်ခြင်းဖြစ်နိုင်သည်ဟု ကနဦး ကောက်ချက်ထုတ်ပြန်ထားသည်။ တံတားကျိုးနေခြင်းကြောင့် လမ်းချော်တိမ်းမှောက်ရသည်ဟုလည်း အတည်မပြုနိုင်သေးသည့် သတင်းများ ထွက်ပေါ်လျက်ရှိသည်။ 
    တီကာဒက်ဂျ် ပြည်နယ်တွင် ရထားလမ်းချော်တိမ်းမှောက်ခြင်းဖြစ်သည်။ ဒဏ်ရာရရှိသူများကို ရဟတ်ယာဉ်များဖြင့် တင်ဆောင်ကာ အနီးဆုံး ဆေးရုံများသို့ ပို့ဆောင်ပေးပြီးဖြစ်ကြောင်း ဒေသအစိုးရ အုပ်ချုပ်ရေးမှူး မာမတ် ဆိုင်လန်က ပြောသည်။ ဒဏ်ရာရသူ ၃၁၈ ဦးရှိပြီး ၁၂၄ ဦးကို ဆေးရုံတင် ကုသပေးထားရကြောင်း ကျန်းမာရေးဝန်ကြီး အာမတ် ဒီမာကန်က ပြောသည်။
    ရုပ်သံသတင်းများတွင် ဖော်ပြထားချက်အရ ကယ်ဆယ်ရေးသမားများသည် သေဆုံး၊ ဒဏ်ရာရသူများကို ရထားတွဲများကြားမှ ဆွဲထုတ်နေသည်ကို မြင်ရသည်။ ရထားလမ်းချော်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရသူများထဲတွင် ရုရှား ကမ္ဘာလှည့်ခရီးသည်များလည်း ပါဝင်ကြောင်း ရုရှား သတင်းဌာနများက ဖော်ပြလျက်ရှိသည်။ 
    ရထားလမ်းချော်တိမ်းမှောက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရသူများ၏ မိသားစုများထံ စာနာထောက်ထားကြောင်း အကြောင်းကြားစာများလည်း သမ္မတ ရီဆပ် တေရစ် အာဒိုဂန်က ပေးပို့ထားကြောင်း သိရသည်။