လှိုင်သာယာမြို့နယ်တွင် ၁၀နှစ်အရွယ်မိန်းကလေးငယ်ကို အဖွားဖြစ်သူ၏ နောက်အိမ်ထောင်က သားမယားပြုကျင့်ခဲ့မှုကို သက်ဆိုင်ရာက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ဇူလိုင် ၈ ရက် နံနက် ၈ နာရီ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ် ဒိုင်းစုကျေးရွာနေ အသက် ၃၈ နှစ်အရွယ် အမျိုးသမီးသည် မြို့ထဲသို့သွားရန်အတွက် နေအိမ်မှထွက်လာခဲ့သည်။ ထိုသို့ထွက်လာစဉ် တစ်လမ်းတည်းနေ ၄င်းမိခင်ဖြစ်သူ၏ နေအိမ်တွင် နေထိုင်သည့် အသက် ၁၀ နှစ်အရွယ် သမီးငယ်ကျန်းမာရေးမကောင်းသည့် ပုံစံမျိုးကို တွေ့ရှိခဲ့ကြောင်း သိရသည်။
သမီးဖြစ်သူက မိခင်ကိုတွေ့ကာ ငိုနေသဖြင့် ဘာဖြစ်တာလည်းဟုမေးရာ အဖွားဖြစ်သူ၏ နောက်အိမ်ထောင်အဖိုး ဦးရွှေဝင်း(၆၃)နှစ်က ဇူလိုင် ၇ ရက် ညနေ ၄ နာရီ အချိန်ခန့်တွင် အိပ်ခန်းထဲ အတင်းခေါ်ယူကာ သားမယားအဖြစ်ပြုကျင့်ခဲ့သည်ဟု ငိုယိုကာ ပြောပြခဲ့ကြောင်း သိရသည်။
သမီးဖြစ်သူ၏ မိန်းမအင်္ဂါကို ကြည့်ရှုရာ ထိခိုက်မှုများနှင့် သွေးစများ တွေ့ရသဖြင့် အရေးယူပေးရန် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။ လှိုင်သာယာမြို့မရဲစခန်းက (ပ) ၂၅၆၂/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
















