လှိုင်သာယာမြို့နယ်တွင် မူးယစ်ဆေးဝါးရောင်းချသူ လူငယ် ၃ ဦးကို သက်ဆိုင်ရာက သတင်းအရ ဖမ်းဆီးခဲ့ကြောင်း ဇူလိုင် ၉ ရက်နေ့တွင် ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
ဇူလိုင် ၈ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ် အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်အတွင်း မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေကြောင်းသတင်းအရ လှိုင်သာယာမြို့နယ်နေ ဇော်ဇော်လင်း (ခ) ဇော်လင်း(၁၆)နှစ်၊ ဇင်ထွန်း(၁၇)နှစ်နှင့် နေလင်းကို(ခ)ကျူးလေး(၁၆)နှစ်တို့ (၃)ဦးကို စိတ်ကြွရူးသွပ်ဆေးပြား(၅၄)ပြား၊ ငွေစက္ကူရောရာ (၄၆၀၄၀ဝ)ကျပ်၊ လက်ကိုင် ဖုန်း(၁)လုံး၊ ဆိုင်ကယ်(၂)စီး၊ စက်ဘီး(၁)စီးတို့နှင့်အတူ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှုခင်းဖော်ထုတ်ရေးတပ်ဖွဲ့ဝင်များက အမှတ်(၉)ရပ်ကွက်၊ စပ်စံထွန်း လမ်းနှင့် မိုးမခလမ်းထောင့်တွင် ဖမ်းဆီးခဲ့သည်။
၄င်းတို့ ၃ ဦးကို သောင်ကြီးနယ်မြေရဲစခန်းက မယ(ပ) ၃၆/၁၈၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၀(က)/၂၁ အရ အမှုဖွင့် အရေးယူထားသည်။

















