ထမ့်လွမ်ဂူတွင်းမှ နောက်ထပ်လေးဦး ထပ်မံကယ်ထုတ်နိုင်ဘောလုံးနည်းပြနှင့်ကျောင်းသားငယ်လေးဦး ကျန်ရှိနေဆဲဟုဆို

ထမ့်လွမ်ဂူတွင်းမှ နောက်ထပ်လေးဦး ထပ်မံကယ်ထုတ်နိုင်ဘောလုံးနည်းပြနှင့်ကျောင်းသားငယ်လေးဦး ကျန်ရှိနေဆဲဟုဆို

ထိုင်းမြောက်ပိုင်းရှိ ရေလွှမ်းမိုးသည့် ထမ့်လွမ်ဂူတွင်း ပိတ်မိနေခဲ့သူ ၁၃ ဦးအား ဂူတွင်းမှ ကယ်ထုတ်ရေးကို ဇူလိုင် ၉ ရက်နံနက်က ဒုတိယအဆင့် စတင်ဆောင်ရွက်ခဲ့ရာ လေးဦးထပ်မံကယ်ထုတ်နိုင်ခဲ့ပြီးနောက် ယင်းနေ့အတွက် ကယ်ဆယ်ရေုး လုပ်ငန်း အဆုံးသတ်ခဲ့ကြောင်း သိရသည်။

ထိုင်းရေတပ် နေဗွီဆီးလ်တပ်မှူး၏လက်ထောက် စစ်တီချိုင်း ကလန်ပါတနာက ကျောင်းသားငယ်လေးဦး ကယ်ထုတ်နိုင်ခဲ့ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်ပြီး ၄င်းတို့၏ကျန်းမာရေးအခြေအနေကိုမူ မှတ်ချက်မပေးခဲ့ချေ။ ဇူလိုင် ၈ ရက်တွင် လေးဦးကယ်ထုတ်နိုင်ခဲ့ပြီးဖြစ်၍ ဇူလိုင် ၉ ရက်အထိ စုစုပေါင်း ကျောင်းသားငယ် ၈ ဦး ကယ်ထုတ်နိုင်ခဲ့ပြီဖြစ်သည်။ ကျောင်းသားငယ်လေးဦးနှင့် ၄င်းတို့၏ဘောလုံးနည်းပြမှာမူ ဂူတွင်း၌ ကျန်ရှိနေဆဲဖြစ်ကြောင်း အေပီသတင်းက ဖော်ပြခဲ့သည်။

 ဇူလိုင် ၉ ရက်တွင် ထမ့်လွမ်ဂူအနီးမှ စုစုပေါင်း လူနာတင်ယာဉ်လေးစီး ထွက်ခွာသွားခဲ့ကြောင်း အေပီသတင်းက ဖော်ပြခဲ့သည်။ ကယ်ဆယ်ခံကျောင်းသားငယ်များကို ဂူတွင်းမှသယ်ထုတ်လာစဉ် ၄င်းတို့သည် ရေငုပ်ဝတ်စုံများဝတ်ဆင်ပြီး ရေငုပ်မျက်နှာဖုံးများလည်း တပ်ဆင်ထားကြောင်း မျက်မြင်တစ်ဦးက ပြောဆိုသည်။ ယင်းနောက် ၄င်းတို့ကို အနီးဆုံး ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

 ၄င်းတို့ကို ဆေးရုံတွင် ၄င်းတို့၏ကာလကြာရှည် ကျန်းမာရေးနှင့် သင့်လျော်သည့်ဆေးဝါးအကူအညီပေးရန် အာဏာပိုင်တို့က အာရုံစိုက်သွားမည်ဖြစ်သည်။ ၄င်းတို့၏အောက်ဆီဂျင်အခြေအနေ၊ အာဟာရချို့တဲမှု၊ ရေဓာတ် ခမ်းခြောက်မှု၊ စိတ်ဖိစီးမှုဒဏ်နှင့် အခြားသော ကျန်းမာရေးကျွမ်းကျင်သူများက စိတ်ဓာတ်ရေးရာသက်ရောက်မှုများကို ကျွမ်းကျင်သူများက စစ်ဆေးသွားမည်ဖြစ်သည်။ အထူးသဖြင့် ဂူတွင်းရှိ ၄င်းတို့ခိုအောင်းခဲ့့သည့်နေရာသည် အောက်ဆီဂျင်လယ်ဗယ်နိမ့်ပါးလာသဖြင့် ကျောင်းသားငယ်များအတွက် အောက်ဆီဂျင်အခြေအနေမှာ စိုးရိမ်ဖွယ်ဖြစ်သည်။

 ဇွန် ၂၃ ရက်ကတည်းက ဂူတွင်း၌ပိတ်မိခဲ့ပြီး ရေငုပ်သမားများက ဇူလိုင် ၂ ရက်၌ တွေ့ရှိခဲ့သည့် အသက် ၁၁ နှစ်မှ ၁၇ နှစ်ရှိ ကျောင်းသားငယ် ၁၂ ဦးနှင့် ၄င်းတို့၏ ဘောလုံးနည်းပြ ၂၅ နှစ်ရွယ်လူငယ်တို့အား ဂူတွင်းရေလွှမ်းမိုးနိုင်မှု အခြေအနေကြောင့် ဇူလိုင် ၈ ရက်၌ စတင်ကယ်ထုတ်ခဲ့ခြင်းဖြစ်သည်။ ဂူတွင်းကယ်ဆယ်ရေးတွင် ထိုင်းရေတပ်မှ ရေငုပ်သမား ၄၀ နှင့် ပြည်ပရေငုပ်သမား ၅၀ ပါဝင်ဆောင်ရွက်ခဲ့ကြောင်းလည်း သတင်းများတွင် ဖော်ပြခဲ့သည်။

 ဒုတိယအကြိမ်ကယ်ဆယ်ရေးမစတင်မီ ဂူတွင်းလမ်းကြောင်းတလျှောက် အောက်ဆီဂျင်ဗူးသစ်များ ချထားပေးခဲ့ရသည်။ တောဝက်ဘောလုံးအသင်းဟုလည်းဆိုသည့် ကျောင်းသားငယ်များနှင့် နည်းပြတို့အားလုံးကို ဂူတွင်းမှ ကယ်ထုတ်ရေးသည် လေးရက်အထိ ကြာမြင့်နိုင်ကြောင်း မှန်းဆခဲ့သော်လည်း ဇူလိုင် ၈ ရက် ပထမအကြိမ်ကယ်ဆယ်ရေး အောင်မြင်မှုကြောင့် ပိုမိုမြန်ဆန်ဖွယ်ရှိသည်။ 

 ဇူလိုင် ၈ ရက်၌ ပထမကယ်ထုတ်ခဲ့သည့်လေးဦးမှာ ကျန်းမာပျော်ရွှင်လျက်ရှိပြီး ဇူလိုင် ၉ ရက်နံနက်တွင် ၄င်းတို့ ဆာလောင်နေကြောင်း ထမင်းနှင့် ငရုပ်သီးကြော် ပင်စိမ်းလွှမ်းထားသည့် အသားကြော်တို့ စားလိုကြပြီဟု ပြောဆိုကြောင်း နာရောင်ဆက်က ပြောဆိုခဲ့သည်။ ရောဂါပိုးကူးစက်မည်စိုးရိမ်၍ ၄င်းတို့နှင့် မိဘဆွေမျိုးများ ထိတွေ့ခွင့်မပေးသေးဘဲ မှန်နံရံများခံ၍ ကြည့်ရှုနှုတ်ဆက်ခွင့်ပေးထားသည်။

 မုတ်သုန်မိုးနှင့် မုန်တိုင်းများကြောင့် ဂူတွင်းရေမျက်နှာပြင် ပြန်လည်မြင့်တက်လာဖွယ်ရှိ၍ ရေအောက်၌ မှောင်မည်းပြီး ကျဉ်းမြောင်းရှုပ်ထွေးသည့်လမ််းကြောင်းများမှ စွန့်စားကယ်ထုတ်ခဲ့ရခြင်းဖြစ်သည်။ ဇူလိုင် ၈ ရက် အဓိကကယ်ဆယ်ရေးကို နိုင်ငံခြားရေငုပ်သမား ၁၃ ဦးနှင့် ထိုင်းနေဗွီဆီးလ် ၅ ဦး ပါဝင်ဆောင်ရွက်ခဲ့သည်။ ကျောင်းသားငယ်တစ်ဦးကို ရေငုပ်သမားနှစ်ဦးက တွဲခေါ်ခဲ့ခြင်းဖြစ်သည်။ ဇူလိုင် ၈ ရက် ကယ်ဆယ်ရေး အောင်မြင်ခဲ့ပြီးနောက် ဂူတွင်းအခြေအနေကို သိရှိသွားသည့် ပထမအကြိမ်မှ ကယ်ဆယ်ရေးရေငုပ်သမားများပင် ဇူလိုင် ၉ ရက်၌ ထပ်မံဝင်ရောက်ကယ်ဆယ်ခဲ့ကြောင်း သိရသည်။