ထိုင်းမြောက်ပိုင်းရှိ ရေလွှမ်းမိုးသည့် ထမ့်လွမ်ဂူတွင်း ပိတ်မိနေခဲ့သူ ၁၃ ဦးအား ဂူတွင်းမှ ကယ်ထုတ်ရေးကို ဇူလိုင် ၉ ရက် နံနက်က ဒုတိယအဆင့် စတင်ဆောင်ရွက် ခဲ့ရာ လေးဦးထပ်မံကယ်ထုတ်နိုင်ခဲ့ပြီး ယင်းနေ့ အတွက် ကယ်ဆယ်ရေးလုပ်ငန်း အဆုံးသတ် ခဲ့ကြောင်း သိရသည်။
ထိုင်းရေတပ် နေဗွီဆီးလ်တပ်မှူး၏လက် ထောက် စစ်တီချိုင်း ကလန်ပါတနာက ကျောင်း သားငယ်လေးဦး ကယ်ထုတ်နိုင်ခဲ့ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ကျန်းမာရေး အခြေအနေကိုမူ မှတ်ချက်မပေးခဲ့ချေ။ ဇူလိုင် ၈ ရက်တွင် လေးဦးကယ်ထုတ်နိုင်ခဲ့ပြီးဖြစ်၍ ဇူလိုင် ၉ ရက်အထိ စုစုပေါင်း ကျောင်းသား ငယ် ရှစ်ဦး ကယ်ထုတ်နိုင်ခဲ့ပြီဖြစ်သည်။ ကျောင်းသားငယ်လေးဦးနှင့် ၎င်းတို့၏ဘော လုံးနည်းပြမှာမူ ဂူတွင်း၌ ကျန်ရှိနေဆဲဖြစ် ကြောင်း အေပီသတင်းက ဖော်ပြခဲ့သည်။
လူနာတင်ယာဉ်
ဇူလိုင် ၉ ရက်တွင် ထမ့်လွမ်ဂူအနီးမှ စုစုပေါင်း လူနာတင်ယာဉ်လေးစီး ထွက်ခွာ သွားခဲ့ကြောင်း အေပီသတင်းက ဖော်ပြခဲ့သည်။ ရဟတ်ယာဉ်ပေါ်မှ ကျောင်းသားငယ်တစ်ဦးကို နေရောင်မထိစေရန် ဧရာမထီးများကာလျက် ရဟတ်ယာဉ်ပေါ်မှသယ်ကာ ဆေးရုံသို့ ပို့ ဆောင်ပုံကိုလည်း သတင်းဓာတ်ပုံများတွင် ဖော်ပြခဲ့သည်။ ကယ်ဆယ်ခံကျောင်းသား ငယ်များကို ဂူတွင်းမှသယ်ထုတ်လာစဉ် ၎င်း တို့သည် ရေငုပ်ဝတ်စုံများဝတ်ဆင်ပြီး ရေငုပ် မျက်နှာဖုံးများလည်း တပ်ဆင်ထားကြောင်း မျက်မြင်တစ်ဦးက ပြောဆိုသည်။ ယင်းနောက် ၎င်းတို့ကို အနီးဆုံး ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။
စိုးရိမ်ဖွယ်
၎င်းတို့ကို ဆေးရုံတွင် ၎င်းတို့၏ကာလ ကြာရှည် ကျန်းမာရေးနှင့် သင့်လျော်သည့် ဆေးဝါးအကူအညီပေးရန် အာဏာပိုင်တို့က အာရုံစိုက်သွားမည်ဖြစ်သည်။ ၎င်းတို့၏အောက်ဆီဂျင်အခြေအနေ၊ အာဟာရချို့တဲမှု၊ ရေဓာတ် ခန်းခြောက်မှု၊ စိတ်ဖိစီးမှုဒဏ်နှင့် အခြားသော ကျန်းမာရေးကျွမ်းကျင်သူများက စိတ်ဓာတ်ရေးရာသက်ရောက်မှုများကို ကျွမ်း ကျင်သူများက စစ်ဆေးသွားမည်ဖြစ်သည်။ အထူးသဖြင့် ဂူတွင်းရှိ ၎င်းတို့ခိုအောင်းခဲ့ သည့်နေရာသည် အောက်ဆီဂျင်လယ်ဗယ်နိမ့် ပါးလာသဖြင့် ကျောင်းသားငယ်များအတွက် အောက်ဆီဂျင်အခြေအနေမှာ စိုးရိမ်ဖွယ်ဖြစ် သည်။
ဇွန် ၂၃ ရက်ကတည်းက ဂူတွင်း၌ပိတ်မိ ခဲ့ပြီး ရေငုပ်သမားများက ဇူလိုင် ၂ ရက်၌ တွေ့ရှိခဲ့သည့် အသက် ၁၁ နှစ်မှ ၁၇ နှစ်ရှိ ကျောင်းသားငယ် ၁၂ ဦးနှင့် ၎င်းတို့၏ ဘော လုံးနည်းပြ ၂၅ နှစ်ရွယ်လူငယ်တို့အား ဂူတွင်း ရေလွှမ်းမိုးနိုင်မှုအခြေအနေကြောင့် ဇူလိုင် ၈ ရက်၌ စတင်ကယ်ထုတ်ခဲ့ခြင်းဖြစ်သည်။ ပိတ်မိနေသည့်နေရာမှ ဂူဝအထိ ၃ ဒသမ ၈ မိုင်ရှည်လျားသည့် အန္တရာယ်များပြားသောခရီးကြမ်းတစ်လျှောက် ကယ်ထုတ်ရခြင်းဖြစ် သည်။
တွဲခေါ်
ကျောင်းသားငယ်တစ်ဦးကို ရေငုပ်သမား နှစ်ဦးက တွဲခေါ်ခဲ့ခြင်းဖြစ်သည်။ ဇူလိုင် ၈ ရက် ကယ်ဆယ်ရေး အောင်မြင်ခဲ့ပြီးနောက် ဂူတွင်းအခြေအနေကို သိရှိသွားသည့် ပထမ အကြိမ်မှ ကယ်ဆယ်ရေးရေငုပ်သမားများပင် ဇူလိုင် ၉ ရက်၌ ထပ်မံဝင်ရောက်ကယ်ဆယ် ခဲ့ခြင်းဖြစ်သည်။
ပိုမိုမြန်ဆန်
ဒုတိယအကြိမ်ကယ်ဆယ်ရေးမစတင်မီ ဂူတွင်းလမ်းကြောင်းတစ်လျှောက် အောက်ဆီ ဂျင်ဘူးသစ်များ ချထားပေးခဲ့ရသည်။ တောဝက် ဘောလုံးအသင်းဟုလည်းဆိုသည့် ကျောင်း သားငယ်များနှင့် နည်းပြတို့အားလုံးကို ဂူတွင်းမှ ကယ်ထုတ်ရေးသည် လေးရက်အထိ ကြာမြင့် နိုင်ကြောင်း မှန်းဆခဲ့သော်လည်း ဇူလိုင် ၈ ရက် ပထမအကြိမ်ကယ်ဆယ်ရေး အောင်မြင် မှုကြောင့် ပိုမိုမြန်ဆန်ဖွယ်ရှိသည်။
ဇူလိုင် ၈ ရက်၌ ပထမကယ်ထုတ်ခဲ့သည့် လေးဦးမှာ ကျန်းမာပျော်ရွှင်လျက်ရှိပြီး ဇူလိုင် ၉ ရက်နံနက်တွင် ၎င်းတို့ ဆာလောင်နေ ကြောင်း ထမင်းနှင့် ငရုတ်သီးကြော် ပင်စိမ်း လွှမ်းထားသည့် အသားကြော်တို့ စားလိုကြပြီ ဟု ပြောဆိုကြောင်း နာရောင်ဆက်က ပြောဆို ခဲ့သည်။
စွန့်စားကယ်ထုတ်
မုတ်သုံမိုးနှင့် မုန်တိုင်းများကြောင့် ဂူတွင်း ရေမျက်နှာပြင် ပြန်လည်မြင့်တက်လာဖွယ်ရှိ၍ ရေအောက်၌ မှောင်မည်းပြီး ကျဉ်းမြောင်းရှုပ် ထွေးသည့်လမ်းကြောင်းများမှ စွန့်စားကယ်ထုတ်ခဲ့ရခြင်းဖြစ်သည်။ ပိတ်မိနေရာမှ ဂူဝသို့ အဓိကကယ်ထုတ်ရေးကို နိုင်ငံခြားရေငုပ်သမား ၁၃ ဦးနှင့် ထိုင်းနေဗွီဆီးလ် ၅ ဦး ပါဝင် ဆောင်ရွက်ခဲ့ပြီး ဂူတွင်းကယ်ဆယ်ရေးတစ် ရပ်လုံးအတွက် ပြည်တွင်းပြည်ပမှ ရေငုပ်သမား စုစုပေါင်း ၉၀ ခန့် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

















