သတင်းထောက်ဆိုသူ ၄ ဦးက ဖောင်းပြင်မြို့နယ်တွင် ဓမ္မာရုံဆောက်လုပ်ရန် စုပုံထားရှိသည့် သစ်များကို ဓာတ်ပုံရိုက်ခဲ့ပြီးနောက် ခြိမ်းခြောက်ငွေတောင်းခံမှုနှင့် ပတ်သက်၍ ဖောင်းပြင်နယ်မြေရဲစခန်းက ဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဇူလိုင် ၁၀ ရက်နေ့က ထုတ်ပြန်သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ သရက်ကုန်းကျေးရွာနေ ဦးထွန်းရင် သည် နန်းမော်လိုက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထိန်လင်း၏နေအိမ်တွင် ၄င်း၏မိတ်ဆွေဖြစ်သူ ဦးသန်းရွှေ ရောက်ရှိနေကြောင်း သိရသဖြင့် ဇူလိုင် ၈ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်တွင် လိုက်သွားခဲ့သည်။
ထိုသို့လိုက်သွားစဉ် အုပ်ချုပ်ရေးမှူး၏ နေအိမ်တွင် အမည်မသိအမျိုးသား(၄)ဦးကို တွေ့ရှိရပြီး ၄င်းတို့က ထောက်လှမ်းရေးသတင်းထောက်များဖြစ်ကြောင်းနှင့် “နေပြည်တော်မှ မော်လိုက်ခရိုင်တွင် တာဝန်ပေးထားသော စစစ၊ ဒ/န၊ SB၊ မီဒီယာအဖွဲ့ ပေါင်းစုံဖြစ်ကြောင်း၊ ဦးခင်မောင်ဝင်း၏နေအိမ်ခြံဝန်း၌ အထကခွဲနှင့် ဝန်ထမ်းအိမ်ရာဆောက်ရန် သစ် ၁ တန်ခန့်တွေ့ကြောင်း၊ ဓာတ်ပုံရိုက်ထားကြောင်း၊ ဥပဒေနှင့်ငြိစွန်းကြောင်းနှင့် တာဝန်ရှိသူ များနှင့် လိုက်လျောညီထွေပူးပေါင်းဆောင်ရွက် နေသည့် အတွက် နေပြည်တော်မှ တိုက်ရိုက် လွှတ်လိုက်ခြင်းဖြစ်ကြောင်း၊ ကျေးရွာအတွင်း၌ သစ်စက် လုပ်ကိုင်သူအမည်စာရင်း(၁၀)ဦး ရှိကြောင်း”ပြောဆိုခဲ့သည်။
သစ်စက်လုပ်ကိုင်သူ အမည်စာရင်းပါ (၁၀)ဦး၏ မှတ်ပုံတင်များကို ဓာတ်ပုံ ရိုက်ပြီး တစ်ဦးလျှင် (၁)သိန်းခွဲနှုန်းဖြင့် (၁၅)သိန်းပေးရမည်ဖြစ်ကြောင်း၊ မပေးပါက ဖမ်းဆီးပြီး ရိုက်ပုတ်နှိပ်စက် မည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြော ဆိုခဲ့သည့်အတွက် အုပ်ချုပ်ရေးမှူး ဦးထိန်လင်း မှ ကျေးရွာရှိ တာဝန်ရှိသူများနှင့်တိုင်ပင်၍ ကျေးရွာစာသင်ကျောင်းအုတ်တံတိုင်းခတ်ရန် စုဆောင်း ထား သည့်ငွေ(၁၀)သိန်းကို ပေးအပ်ခဲ့ရကြောင်း သိရသည်။
ထို့ကြောင့်ခြိမ်းခြောက်ငွေတောင်းခံသူများကို အရေးယူပေးရန် ရပ်မိရပ်ဖဖြစ်သူ ဦးထွန်းရင်က တိုင်ကြားခဲ့သည်။
ဖောင်းပြင်မြို့မရဲစခန်းက(ပ) ၇၄/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆/၁၁၄ အရအမှုဖွင့်စုံစမ်းခဲ့ရာ ခြိမ်းခြောက် ငွေတောင်းယူသူများမှာ နေပြည်တော်တိုင်း(မ်)မှုခင်းသတင်းထောက် (မော်လိုက်ခရိုင်တာဝန်ခံ)များဖြစ်ကြသည့် ပွင့်ဖြူမြို့နယ်နေ မောင်ဆန်း၊ (၃၆ နှစ် )၊ အောင်ဖြိုးဝေ( ၂၁ နှစ်) ၊ကလေးမြို့နေ မောင်စိုး ( ၅၄) နှစ် နှင့် ကီးအောင်မင်း(၄၆ နှစ်) တို့ (၄)ဦးဖြစ်ကြောင်းသိရသည်ဟု ဆိုသည်။
ထို့နောက် ည ၇ နာရီခွဲ အချိန်ခန့်တွင် မောက်စ ဖာကျေးရွာ ဆိပ်ကမ်း၌ ၄င်းတို့ ၄ ဦးကို သက်ဆိုင်ရာက ဖမ်းဆီးရမိခဲ့သည်။
၄င်းတို့ ၄ ဦးထံမှ လက်ကိုင်ဖုန်း(၄)လုံး၊ နေပြည်တော်တိုင်း(မ်)မီဒီယာအဖွဲ့၊ မှုခင်းနှင့်သတင်းစုံ အသင်း အဖွဲ့ ကတ် (၄)ခု၊ နေပြည်တော် တိုင်း(မ်) တံဆိပ်ပါ ရင်ထိုး(၃)ခု၊ စတစ်ကော်လံအဖြူ လက်ရှည် (၃)ထည်၊ ဘောင်းဘီရှည် နက်/ ပြာရောင် (၃)ထည်၊ နေပြည်တော်တိုင်း (မ်)မှုခင်းနှင့် သတင်းစုံ အသင်းအဖွဲ့ချုပ် စာတမ်းပါ ပြောက်ကျားအင်္ကျီလက်တို(၁)ထည်တို့အား သိမ်းဆည်း ရမိခဲ့ သည်။
၄င်းတို့ ၄ ဦးကို အခြားအမှုများကျူးလွန်ထားခြင်းရှိမရှိ ဆက်လက်စစ်ဆေးခဲ့ရာ ဇူလိုင် ၁ ရက်နေ့ မွန်းလွဲ ၃ နာရီ အချိန်ခန့်တွင် ဖောင်းပြင်မြို့နယ်၊ ဟဲလှော်ကျေးရွာနေ ဈေးရောင်းနေသူ ဒေါ်မြင့်အုန်း ဈေးဆိုင်၌ အရက်/ဘီယာ ရောင်းချနေသဖြင့် ဖမ်း၍ရကြောင်း၊ အဖမ်းမခံချင်လျှင် ၎င်းတို့ကို ခရီးစရိတ် ၅၀,ဝ၀ဝ ကျပ်ပေးရန် ပြောဆိုသဖြင့် ဒေါ်မြင့်အုန်းမှ ဖမ်းဆီးခြင်းမပြုရန် တောင်းပန်ပြီး ငွေ ၂၀,ဝ၀ဝ ကျပ် ပေးခဲ့ရကြောင်းသိရသဖြင့် ဖောင်းပြင်မြို့မရဲစခန်းက (ပ)၇၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆/၁၁၄ အရ ဆက်လက်အမှုဖွင့်အရေးယူခဲ့သည်။
ပြည်ထဲရေးဝန်ကြီးဌာနမှ ယခုနှစ် ဇွန် ၁၆ ရက်နေ့ နေ့စွဲဖြင့် မှုခင်းသတင်းထောက်များ အပါအဝင်သတင်းထောက်အသင်းဝင်များအနေဖြင့်နိုင်ငံတော်လုံခြုံရေးအဖွဲ့အစည်းများနှင့်အသွင်သဏ္ဍာန်တူသောဝတ်စုံများဝတ်ခြင်းနှင့်ဥပဒေမဲ့ငွေကြေးတောင်းခံခြင်း၊ ဥပဒေမဲ့လုပ်ရပ်များ လုပ်ကိုင် ခြင်းတို့ အပေါ် စိစစ်တွေ့ရှိပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် ပြည်သူများအနေဖြင့် သက်ဆိုင်ရာသို့ သတင်းပေး တိုင်ကြား ခဲ့ခြင်းဖြစ်သည်။

















