အမ်းမြို့နယ်တွင် တရားမဝင် ဝင်ရောက်လာသည့် မွတ်စလင် ၇ ဦးနှင့် အခကြေးငွေယူကာ ပို့ဆောင်ပေးသူ ၃ ဦးကို သက်ဆိုင်ရာက ဖမ်းဆီးရမိခဲ့ကြောင်း ဇူလိုင် ၉ ရက်နေ့က အမ်းမြို့နယ်မြေရဲစခန်းမှ သိရသည်။
အမ်းမြို့နယ် ရပ်သာကျေးရွာအနီးတွင် ဇူလိုင် ၈ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်တွင် တရားမဝင် ဝင်ရောက်လာသော မွတ်စလင်များ ရောက်ရှိနေကြောင်း သတင်းအရ အမ်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်ဖမ်းဆီးခဲ့သည်။ ထိုနေရာတွင် မင်းပြား မြို့နယ်၊ လက်မကျေးရွာနေ မာမောက်ဒူလာ(၁၇)နှစ်ပါ(၇)ဦးနှင့် တရားမဝင် ခေါ်ဆောင်လာသူ အမ်းမြို့နယ်၊ ပြောင်သေ ကျေးရွာနေ အောင်မြိုင်(ခ) မောင်အောင် (၃၆)နှစ်ပါ(၃) ဦးတို့ကို တွေ့ရှိ ဖမ်းဆီး ရမိခဲ့သည်။
၄င်းတို့(၇)ဦးကို စစ်ဆေးချက်ပေါ်ပေါက်ချက်များအရ မြောက်ဦးမြို့နယ်၊ ပီပင်ရင်း ကျေးရွာနေ ကော်ရီမူလာ(၃၀ နှစ်) ရှမ်းတောင်ကျေးရွာနေ အဒူမော်နက်(ခ)မောင်မောင်ချေ (၃၅)နှစ် ပါ(၃)ဦးမှ (၁)ဦးလျှင်ငွေကျပ်(၁၅)သိန်းဖြင့် ကျောက်တော်မြို့မှ ရန်ကုန်မြို့သို့ ပို့ဆောင်ပေးမည်ဟု ပြောဆိုခဲ့သောကြောင့် လိုက်ပါခဲ့ကြောင်း သိရသည်။
ထို့နောက် မင်းပြားမြို့နယ်၊ အောင်နိုင်ကျေးရွာသို့ ရောက်ရှိခဲ့ပြီး ထိုမှတစ်ဆင့် အမည်မသိ(စိစစ်ဆဲ)မောင်းနှင်သော စက်လှေဖြင့် အမ်းမြို့နယ်ရေထိုးတောင်သို့ ရောက်ရှိကာ ရပ်သာကျေးရွာ အနီးကံ့ကော်တောင်၌ စောင့်ဆိုင်းနေသော အောင်မြိုင်(ခ)မောင်အောင် က အေးသန်း (၅၄)နှစ် ပါ(၃)ဦးထံလွှဲပြောင်းပေးခဲ့ကြောင်း၊
ကော်ရီမူလာပါ(၃)ဦးမှာ ပြန်သွားခဲ့ကြောင်း စစ်ဆေးချက်များအရ သိရသည်။ အခကြေးငွေယူကာ မွတ်စလင်များအား တရားမဝင်ခေါ်ဆောင်လာသည့် အောင်မြိုင်(ခ) မောင်အောင်ပါ(၆)ဦးကို အမ်းမြို့မရဲစခန်းက(ပ)၆၅/၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၆၇ အရအမှုဖွင့် အရေးယူခဲ့သည်။
မာမောက်ဇူဟာရ်(ခ) ကျော်နိုင်ပါ(၇)ဦးကို အမ်းမြို့နယ်လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများထံ အပ်နှံလွှဲပြောင်းပေးခဲ့ပြီး ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

















