လှိုင်သာယာမြို့နယ်အတွင်း မူးယစ်မှုမှတရားခံပြေးတစ်ဦးကို လက်နက်များဖြင့်ဖမ်းဆီးရမိခဲ့ပြီးနောက် ဆက်လက်စစ်ဆေးခဲ့ရာမှ ဆိုင်ကယ် ၁၆ စီးခိုးမှု ထပ်မံပေါ်ပေါက်ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ဇူလိုင် ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှ ဒုရဲမှူး ဝင်းနိုင် ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် လှိုင်သာယာမြို့နယ်တရားရုံး၊ ပြစ်မှုအထွေထွေမှုအမှတ် ၃၈၉/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ၁၆(ဂ)အမှုမှ တရားခံပြေးဖြစ်သူ စိုးထိုက် (ခ)စိုးကြီးမှာ ၎င်းနေထိုင်ရာ လှိုင်သာယာမြို့နယ်၊ (၁၉)ရပ်ကွက်၊ ဓညဝတီ လမ်းရှိ နေအိမ်သို့ ရောက်ရှိနေကြောင်း သတင်းအရ ဇွန် ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် ဖမ်းဆီးခဲ့သည်။
၄င်းထံမှ ဓားလက်နက်များနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် လှိုင်သာယာမြို့ မ ရဲစခန်းတွင် လက်နက်များအက်ဥပဒေပုဒ်မ ၁၉ (က)ဖြင့် အမှုဖွင့် အရေးယူခဲ့ပြီး ဆက်လက် စစ်ဆေးခဲ့သည်။
၄င်းကို စစ်ဆေးချက်များအရ ၎င်းသည် အောင်သူရ(ခ)ဖားကြီး(စုံစမ်းဆဲ)၊ကျော်သက် (စုံစမ်းဆဲ) တို့နှင့်အတူ ယခုနှစ် မေလနှင့် ဇွန်လများအတွင်း ဆိုင်ကယ် ၁၆ စီးနှင့် အမှတ်(၁၃)ရပ်ကွက်၊ ပင်လုံဈေးအနီးကြယ်တာရာလမ်းရှိ နေအိမ်အတွင်းမှ ရွှေလက်စွပ်(၁)ကွင်း၊ ရွှေဆွဲကြိုး (၁)ကုံးတို့ ကိုခိုးယူ ရောင်းချထားကြောင်း ပေါ်ပေါက်ခဲ့သည်။ သက်ဆိုင်ရာက အမှုတွင်ပါဝင်သူ ကျော်သက်နှင့် အောင်သူရ(ခ)ဖားကြီးတို့ကို ဖမ်းဆီးရမိရေးအတွက် စုံစမ်းလျက်ရှိပြီး ခိုးယူခဲ့သည့် ဆိုင်ကယ်များကို ရောင်းချပေါင်နှံထားသည့်နေရာများမှသိမ်းဆည်းခဲ့ကာ အမှုအသီးသီးဖွင့်လှစ်အရေးယူခဲ့သည်။
ခိုးယူခံရသည့် ပိုင်ရှင်များအနေဖြင့် သက်ဆိုင်ရာ ရဲစခန်းများသို့ ဆက်သွယ်စုံစမ်းနိုင်ရန် ရဲတပ် ဖွဲ့က ထုတ်ပြန်ထားသည်။

















