ဘူတာရုံပိုင်  အရက်မူးပြီးအိပ်ပျော်နေသဖြင့်  ရထားအများအပြား စောင့်ဆိုင်းနေရမှု  အိန္ဒိယပြည်နယ်တစ်ခုတွင်  ဖြစ်ပေါ်ခဲ့

ဘူတာရုံပိုင်  အရက်မူးပြီးအိပ်ပျော်နေသဖြင့်  ရထားအများအပြား စောင့်ဆိုင်းနေရမှု  အိန္ဒိယပြည်နယ်တစ်ခုတွင်  ဖြစ်ပေါ်ခဲ့

အိန္ဒိယနိုင်ငံ အင်တာပရာဒေ့ရှ်ပြည်နယ်ရှိ မီးရထားဘူတာရုံပိုင်တစ်ဦး တာဝန်ချိန်တွင် အရက်မူးပြီးအိပ်ပျော်နေသဖြင့် ရထား အများအပြားထွက်ခွာခွင့်မရဘဲ အချိန်ကြာမြင့်စွာစောင့်ဆိုင်းနေခဲ့ရကြောင်း သိရသည်။ မာရှာပါဘူတာရုံ၏ ရုံပိုင်ဒိဆင်းသည် တာဝန်ရှိသူများကဆက်သော ဖုန်းများကိုလည်း တုံ့ပြန်ခြင်းမရှိသလို ရထားများကိုလည်း မီးအချက်ပြမပေးသဖြင့် တာဝန်ရှိသူများက စိုးရိမ်ကာ ဘူတာရုံကိုသွားရောက်စစ်ဆေး သည်တွင်မှ မူးပြီးအိပ်ပျော်နေသည်ကို တွေ့ရှိ ရခြင်း ဖြစ်သည်။

ဒေသတွင်း မီဒီယာများ၏ဖော်ပြချက်အရ မစ္စတာဆင်းသည် ရုံးခန်းထဲရှိ ခေါက်ခုတင်တွင် အိပ်ပျော်နေပြီး အရက်ပုလင်းလွတ် အများ အပြားလည်း ဘေးဘီတွင် ပြန့်ကျဲနေကြောင်း သိရသည်။ ဖြစ်စဉ်ကို သက်ဆိုင်ရာ အာဏာပိုင် များက စုံစမ်းစစ်ဆေးကာ အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။ ဆေးဘက်ဆိုင်ရာ စစ်ဆေးချက်များအရလည်း မစ္စတာဆင်း၏ သွေးအတွင်း အယ်လ်ကိုဟောဓာတ် အလွန်မြင့် မားနေကြောင်း အတည်ပြုနိုင်ခဲ့သည်။

မစ္စတာဆင်းသည် လူမှန်းသူမှန်းမသိ အောင် မူးနေကြောင်း၊ လမ်းပင်ကောင်းစွာ မလျှောက်နိုင်ကြောင်းဖြင့် ရထားတာဝန်ရှိသူ တစ်ဦး၏ ပြောစကားကိုကိုးကားကာ သည်ဟိန္ဒူ သတင်းစာက ဖော်ပြသည်။ လုပ်ငန်းပိုင်းဆိုင်ရာ ကျင့်ဝတ်ချိုးဖောက်မှုဖြစ်သောကြောင့် အရေးယူ မည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မာရှာပါ ဘူတာရုံပိုင် မူးပြီးအိပ်ပျော်နေကာ မီးစိမ်းမပြသဖြင့် ခရီးဝေး ရထားအများအပြား သည်လည်း ရှေ့မဆက်နိုင်ဘဲ နာရီနှင့်ချီကာ ရပ်စောင့်နေခဲ့ရကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတွင် နေ့စဉ် ရထားစီးခရီးသည် ၂၂ သန်းကျော်ရှိပြီး ရထားအစီး ၉၀ဝ၀ ကျော်ဖြင့် ပြေးဆွဲပေးလျက်ရှိကာ မာရှာပါ ဘူတာသည်လည်း ရထားဖြတ်သန်းမှု များပြား သော ဘူတာဖြစ်သည်။