လစ်လပ်တရားရုံးချုပ်တရားသူကြီးနေရာအတွက် ရှေးရိုးစွဲဝါဒီတစ်ဦးကို သမ္မတထရမ့်အမည်တင်သွင်း

လစ်လပ်တရားရုံးချုပ်တရားသူကြီးနေရာအတွက် ရှေးရိုးစွဲဝါဒီတစ်ဦးကို သမ္မတထရမ့်အမည်တင်သွင်း

ဝါရှင်တန်    ဇူလိုင် ၁၀
    ဇူလိုင်လကုန်တွင် လစ်လပ်မည့် အမေရိကန်တရားရုံးချုပ်တရားသူကြီးရာထူးတစ်နေရာအတွက် ရှေးရိုးစွဲဝါဒီ တရားသူကြီးတစ်ဦးဖြစ်သူ ဘရက်ခါဗာနက်ကို သမ္မတဒေါ်နယ်ထရမ့်က ရွေးချယ်၍ အမည်စာရင်းတင်သွင်းခဲ့သည်။

ရာသက်ပန်တာဝန်ထမ်းဆောင်ခွင့်ရှိသည့် တရားရုံးချုပ်တရားသူကြီးတစ်ဦးဖြစ်သူ အသက် ၈၁ နှစ်အရွယ် အန်တိုနီ ကနေဒီ အနားယူတော့မည့်နေရာကို အစားထိုးရန် ၅၃ နှစ်အရွယ်  ခါဗာနက်ကို သမ္မတထရမ့်ကရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ဗဟိုလက်ယာယိမ်း ရှေးရိုးစွဲဆန်သည် ခါဗာနက်သည် တရားသူကြီးသက်တမ်း ၁၂ နှစ်ရှိပြီဖြစ်ပြီး သမ္မတဂျော့ချ်ဒဗလျူဘုရှ်၏ လက်ထောက်တစ်ဦးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ ထို့အပြင် ၁၉၉၀ ပြည့်လွန်နှစ်များက ဒီမိုကရက်တစ်သမ္မတ ဘီလ်ကလင်တန်ကို စုံစမ်းစစ်ဆေးမှုတွင်လည်း ပါဝင်ခဲ့ဖူးသည်။
    ၄င်းသည် ရှေးရိုးစွဲကက်သလစ်တစ်ဦးဖြစ်ပြီး လက်ယာယိမ်းသူလည်းဖြစ်သည့်အားလျော်စွာ အမေရိကန်တွင် ပဋိသန္ဓေဖျက်ချပိုင်ခွင့်ဥပဒေ၊ သေနတ်ထိန်းချုပ်ရေးနှင့် လူဝင်မှုကြီးကြပ်ရေးကဲ့သို့ ကိစ္စမျိုးအတွက် ၄င်း၏ရပ်တည်ချက်ကို စိုးရိမ်ပူပန်မှုများ ပေါ်ထွက်လာသည်။
    ခါဗာနက်အား တရားရုံးချုပ်တရားသူကြီးအဖြစ် အတည်ပြုရန် ထရမ့်၏ ရီပတ်ဘလီကန်က ၅၁ မဲ၊ ဒီမိုကရက်တစ်များက ၄၉ မဲ ရှိသည့် ဆီးနိတ်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရမည်ဖြစ်သည်။ ယင်းကြောင့် အများစုမဲရရန် ရီပတ်ဘလီကန် ၅၁ မဲလုံးထောက်ခံမှု လိုအပ်သည်။ သို့သော် ဆီးနိတ်အမတ် ဂျွန်မက်ကိန်းသည် အာရီဇိုးနားနေအိမ်တွင် ကင်ဆာရောဂါဖြင့် တိုက်ပွဲဝင်နေရခြင်းကြောင့် ရီပတ်ဘလီကန်မဲ ၅၀ သာမျှော်လင့်နိုင်သည်။
    လစ်ဘရယ်အုပ်စုများက အလယ်အလတ်ကျသည့် ရီပတ်ဘလီကန်များဖြစ်သည့် ဆူဆန်ကောလင်းစ်နှင့် လီဆာ မာကော်စကီတို့အား ခါဗာနက်ကိုဆန့်ကျင်မဲပေးရန် တောင်းဆိုနေကြသည်။ ဆူဆန်ကောလင်းစ်သည် ပဋိသန္ဓေဖျက်ချပိုင်ခွင့်ကို ခြိမ်းခြောက်သော မည်သူကိုမဆို တရားရုံးချုပ်တရားသူကြီးခန့်အပ်ခြင်းအား မဲပေးမည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။