မြောက်ကိုရီးယားနှင့် ပြန်လည်သင့်မြတ်ရေးဦးတည်သည့်အနေဖြင့် အရပ်ဘက် စစ်ဘေးရှောင် လေ့ကျင့်မှု တောင်ကိုရီးယားရပ်ဆိုင်း

မြောက်ကိုရီးယားနှင့် ပြန်လည်သင့်မြတ်ရေးဦးတည်သည့်အနေဖြင့် အရပ်ဘက် စစ်ဘေးရှောင် လေ့ကျင့်မှု တောင်ကိုရီးယားရပ်ဆိုင်း

ဆိုးလ်     ဇူလိုင်  ၁၀
    မြောက်ကိုရီးယားကတိုက်ခိုက်လာပါကအရပ်သားများဘေးကင်းရာခိုလှုံတတ်စေရန်အတွက် နှစ်စဉ်ပြုလုပ်နေကျ နွေရာသီအရပ်ဘက် စစ်ဘေးရှောင်လေ့ကျင့်မှုများကိုယခုနှစ်၌ ရပ်ဆိုင်းမည်ဖြစ်ကြောင်း တောင်ကိုရီးယားအစိုးရက ထုတ်ပြန်ကြေညာလိုက်သည်။ အရှိန်ရနေပြီဖြစ်သောမြောက်ကိုရီးယားနှင့် ပြန်လည်သင့်မြတ်ရေးမူဝါဒကိုအားဖြည့်ရန် ယခုလိုရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ 

ပြီးခဲ့သည့်လက အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့ စင်ကာပူတွင် တွေ့ဆုံခဲ့ကြပြီးနောက် အမေရိကန်နှင့် တောင်ကိုရီးယားပူးတွဲစစ်ရေးလေ့ကျင့်မှုများကိုရပ်ဆိုင်းပေးခဲ့ပြီးနောက်တွင် ယခုလို အရပ်ဘက် စစ်ဘေးရှောင် လေ့ကျင့်မှုကိုပါ ယာယီရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။ နှစ်စဉ် ဩဂုတ်လရောက်တိုင်း အာချီစစ်ဘေးရှောင်လေ့ကျင့်ခန်း ပြုလုပ်လျက်ရှိပြီးလေကြောင်းအချက်ပေးသံ ကြားသည်နှင့် လမ်းများပေါ်တွင် ကားများအကုန်ရပ်ကာ လူအများသည် အနီးနားရှိအဆောက်အအုံများ၊ ဘူတာရုံများ၊ ကားပါကင်များရှိ ဗုံးခိုကျင်းများ၊ အရေးပေါ် စုရပ်များသို့ တိမ်းရှောင်ကြရသည်။ 
    အရပ်ဘက် စစ်ဘေးရှောင် လေ့ကျင့်မှုကိုယခုနှစ်တွင် ရပ်ဆိုင်းကြောင်းကို ပြည်ထဲရေးနှင့် ဘေးကင်းလုံခြုံရေးဝန်ကြီး ကင်ဘိုကွမ်ကကြေညာခြင်းဖြစ်သည်။ လာမည့်နှစ်တွင် စစ်ဘေးရှောင် လေ့ကျင့်ခန်းများအစား သဘာဝဘေးကာကွယ်ရေးနှင့် အကြမ်းဖက်တိုက်ခိုက်ခံရမှု ကာကွယ်ရေးလေ့ကျင့်ခန်းများဖြင့် အစားထိုးကာ ပြန်လည်လေ့ကျင့်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။ အာချီစစ်ရေးလေ့ကျင့်မှုကို ၁၉၆၈ ခုနှစ်မှစတင်ကာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ 
    အာချီစစ်ဘေးရှောင် လေ့ကျင့်ခန်းသည်  ထိရောက်မှုမရှိဟု ဝေဖန်မှုများလည်း ထွက်ပေါ်လျက်ရှိသည်။ လူအများသည် အရေးပေါ် စုရပ်များသို့ လာလျှင်ပင် ဖုန်းပွတ်ကာနေကြသလို၊ နိုင်ငံတစ်ဝန်း အရေးပေါ်ခိုလှုံရေးစုရပ် ၁၉၀ဝ၀ ကျော် ရှိသည့်တိုင် လူအများစုသည် မိမိတို့နှင့် အနီးဆုံးမည်သည့်နေရာတွင် စုရပ်ရှိကြောင်းကို သိရှိခြင်းမရှိဟု စစ်တမ်းများကလည်း ဖော်ပြသည်။