တက္ကဆက်ပြည်နယ်တွင် နှစ်နှစ်အရွယ် ကလေးငယ် သေနတ်နှင့်ဆော့ရင်းပစ်မိကာသေဆုံး

တက္ကဆက်ပြည်နယ်တွင် နှစ်နှစ်အရွယ် ကလေးငယ် သေနတ်နှင့်ဆော့ရင်းပစ်မိကာသေဆုံး

ဟတ်ဆန် ဇူလိုင် ၁၀
    နေအိမ်အတွင်းကျည်ထိုးထားသောပစ္စတိုသေနတ်ကိုယူဆော့သော နှစ်နှစ်အရွယ် ကလေးငယ်သည် ခေါင်းကိုသေနတ်နှင့်ပစ်မိမှုကြောင့် သေဆုံးသွားခဲ့ကြောင်းတက္ကဆက်ရဲတပ်ဖွဲ့ကထုတ်ပြန်ပြောကြားသည်။ 

ပစ်ခတ်မိမှု ဖြစ်ပွားချိန်တွင် ကလေးငယ်  ခရစ်စတိုဖာဝီလျံ ဂျူနီယာ၏ မိဘနှစ်ပါးလုံးသည် နေအိမ်တွင် ရှိနေကြကြောင်းလည်းရဲကပြောသည်။ ၉ မီလီမီတာသေနတ်သည်  ကလေး၏ ဖခင် ပိုင်ဆိုင်သောသေနတ်ဖြစ်ပြီးယခုဖြစ်စဉ်အတွက် မိဘများကိုအရေးယူခြင်းရှိမရှိမသိရသေး။ ကလေးငယ်လက်ထဲသေနတ်မည်သို့ ရောက်ရှိကြောင်းကိုစစ်ဆေးဖော်ထုတ်နေဆဲဖြစ်ကြောင်းရဲတပ်ဖွဲ့ကပြောသည်။ 
    ပြီးခဲ့သည့် လပိုင်းများအတွင်းအမေရိကန်နိုင်ငံတစ်ဝန်းကလေးအများအပြားသေနတ်နှင့်ဆော့ရင်းမိမိကိုယ်ကိုယ် ပစ်မိမှုကြောင့် သေဆုံးမှုများ ဖြစ်ပွားခဲ့သည်။ သေနတ်များကိုကလေးများလက်လှမ်းမမီသည့် နေရာတွင် လုံခြုံစွာထားရှိခြင်းသည် ယခုလိုကြေကွဲဖွယ်ကိစ္စမျိုးမဖြစ်ပွားအောင် တားဆီးရေးအရေးအကြီးဆုံးအချက်ဖြစ်ကြောင်းလည်းတက္ကဆက် ရဲတပ်ဖွဲ့ကပြောသည်။ 
    ပြီးခဲ့သည့် မေလကလည်းအသက် နှစ်နှစ်အရွယ် ကလေးတစ်ဦးအလားတူပင် သေနတ်နှင့် ဆော့ကစားကာပစ်ခတ်မိမှုကြောင့် ဒဏ်ရာရရှိခဲ့သဖြင့် ဖခင်ဖြစ်သူကိုအရေးယူခဲ့ရဖူးသည်။ ဖခင်ဖြစ်သူအသက် ၃၂ နှစ်အရွယ် အလီပါဗက် မာဆွမ်သည်ပစ္စတိုသေနတ်ကိုကလေးလက်လှမ်းမီသည့် စားပွဲပေါ်တွင် တင်ထားမှုကြောင့် ကလေးကယူကာမိမိမျက်နှာမိမိပစ်ခတ်မိခဲ့သည်။ 
    ဇူလိုင် ၇ ရက်ကလည်းကယ်လီဖိုးနီးယားပြည်နယ် ဖရက်နိုမြို့တွင် နှစ်နှစ်သားတစ်ဦးအလားတူပင် သေနတ်ယူဆော့ကာပစ်မိမှုကြောင့် သေဆုံးခဲ့ရသည်။ ပစ်ခတ်မိမှု ဖြစ်ပွားချိန်တွင် မိဘများအိမ်တွင်မရှိကြောင်းလည်းသိရသည်။