အစ္စတန်ဘူလ် ဇူလိုင် ၁၀
တူရကီသမ္မတရီဆပ် တေရစ် အာဒိုဂန်သည် သမ္မတသက်တမ်းနောက်ထပ် ငါးနှစ်ထမ်းဆောင်ရန် ကျမ်းသစ္စာကျိန်ဆိုပြီးနောက်တွင် သမက်ဖြစ်သူကိုဘဏ္ဍာရေးဝန်ကြီးအဖြစ် ခန့်အပ်လိုက်ကြောင်းသိရသည်။
သမ္မတအာဒိုဂန်၏ သမက် ဘာရတ် အယ်ဘာရတ်သည် ၂၀၁၅ ခုနှစ်က စတင်ကာ စွမ်းအင်ဝန်ကြီးအဖြစ်လည်း ထမ်းဆောင်ခဲ့သူဖြစ်သည်။ မစ္စတာအာဒိုဂန်သည် ပြီးခဲ့သည့်လကရွေးကောက်ပွဲတွင် အနိုင်ရရှိကာ သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံခဲ့ရသည်။ မစ္စတာအာဒိုဂန်သည် နိုင်ငံ့အာဏာကို သမ္မတလက်ထဲကိုင်ထားနိုင်စေရန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခဲ့သဖြင့် ယခုသက်တမ်းသစ်တွင် အာဏာများစွာကိုင်ထားသည့် သမ္မတစနစ်ကြောင့် တူရကီ၏ အစဉ်အလာကြီးမားသော ဒီမိုကရေစီစနစ် ထိခိုက်ရနိုင်သည်ဟု အတိုက်အခံများက ဝေဖန်လျက်ရှိသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှုကြောင့် လွှတ်တော်နှင့် ဝန်ကြီးချုပ်လက်အတွင်းရှိနေသော အာဏာအများအပြားသည် သမ္မတလက်တွင်းသို့ ရောက်ရှိခဲ့ရသည်။ အာဏာအသစ်များအရ သမ္မတအာဒိုဂန်သည် ဝန်ကြီးများကို စိတ်ကြိုက်ခန့်ထားနိုင်မည်ဖြစ်သလို ဒုသမ္မတကိုလည်း ရွေးချယ်ခန့်ထားခွင့်ရမည်ဖြစ်ကာ တရားရေး လုပ်ငန်းစဉ်များတွင်လည်း ဝင်ရောက်ချယ်လှယ်ခွင့်များ ရရှိမည်ဖြစ်သည်။
ယခုအခါ သမ္မတအာဒိုဂန်သည် စစ်တပ်နှင့် ထောက်လှမ်းရေးအဖွဲ့များကိုလည်း ချုပ်ကိုင်နိုင်သည့် အနေအထားကို ရောက်ရှိနေသလို၊ အရေးပါသည့် အမိန့်ဒီဂရီများကိုလည်းထုတ်ပြန်ခွင့် ရရှိကာ ထိပ်ပိုင်းတရားသူကြီးများကိုလည်း စိတ်ကြိုက် ရွေးချယ်ခွင့် ရရှိမည်ဖြစ်သည်။ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဟူလီစီအကာကို ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်လိုက်သည်။ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် မစ္စတာအာဒိုဂန်သည် မဲ ၅၃ ရာခိုင်နှုန်းထိရရှိကာ သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံခဲ့ရသည်။

















