ပေကျင်း ဇူလိုင် ၁၀
ချေးငွေများ၊ လူသားချင်းစာနာမှုအထောက်အပံ့များ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၃ ဘီလျံကျော်ကို အာရပ်နိုင်ငံများသို့ ကူညီသွားမည်ဖြစ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ကတိပြုခဲ့သည်။
စွမ်းအင်လိုအပ်ချက်များစွာရှိသည့် တရုတ်အတွက် စွမ်းအင်ရင်းမြစ်များစွာရှိသည့် ဒေသသို့လွှမ်းမိုးနိ်ုင်ရေး အဓိက ခြေလှမ်းတစ်ရပ်အဖြစ် ဇူလိုင် ၁၀ ရက်၌ တရုတ်နှင့်အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်တွင် သမ္မတရှီက ယင်းကဲ့သို့ ကတိပြုခဲ့ခြင်းဖြစ်သည်။
ပေကျင်းတွင် ကျင်းပသည့် ဆီးရီးယား၊ ယီမင်၊ ဂျော်ဒန်နှင့် လက်ဘနွန်မှ ခေါင်းဆောင်များတက်ရောက်သော ကွန်ဖရင့်တွင် ယင်းနိုင်ငံများအနေဖြင့် လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ ၉၁ သန်း ရရှိမည်ဖြစ်ကြောင်း သမ္မတရှီက ပြောဆိုခဲ့သည်။ နောက်ထပ် ဒေါ်လာ ၁၅၁ သန်းကိုလည်း အကူအညီပေးရေးစီမံကိန်းများအတွက် လျာထားပြီး ဒေါ်လာ ၂၃ ဘီလျံကို ဘဏ္ဍာရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများအတွက် သတ်မှတ်ထားကြောင်းလည်း ပြောဆိုခဲ့သော်လည်း ယင်းတို့အတွက် အသေးစိတ်ကို ဖော်ပြခဲ့ခြင်း မရှိပေ။
တရုတ်နှင့် အာရပ်နိုင်ငံများအနေဖြင့် မိမိတို့အသီးသီး၏ သက်ဆိုင်ရာအိပ်မက်များဖြစ်မြောက်ရန် ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာများ မဖြစ်မနေ ညှိနှိုင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းလည်း ရှီကပြောဆိုသည်။ ဝါရှင်တန်နှင့် ဥရောပ၏လွှမ်းမိုးမှုကိုတန်ပြန်ရန်နှင့် စီးပွားရေးချဲ့ထွင်ရန် တရုတ်သည် အာရပ်နိုင်ငံများတွင် ပိုမို ပတ်သက်လာခဲ့သည်။
လွန်ခဲ့သည့်နှစ်က ဆော်ဒီအာရေဗျသည် တရုတ်အတွက် ဒုတိယမြောက်အများဆုံး ရေနံတင်ပို့သူဖြစ်ခဲ့ပြီး ၂၀၁၈ အစပိုင်းတွင် အီရတ်သည် တတိယမြောက် ရေနံတင်ပို့သူ ဖြစ်လာသည်။ ပေကျင်းမှသည် အာရှ၏ အခြားအစိတ်အပိုင်း၊ ဥရောပနှင့် အာဖရိကတို့ကို ဆိပ်ကမ်းများ၊ ရထားလမ်းများ၊ စီးပွားရေးဇုန်များ၊ စွမ်းအင်စက်ရုံများဖြင့် ကွန်ရက်ဖွဲ့မည့် တရုတ်၏ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်သွယ် မူဝါဒတွင် အရှေ့အလယ်ပိုင်းသည် လမ်းဆုံတစ်ခုဖြစ်သည်။
နိုင်ငံရေးအရလည်း တရုတ်သည် အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြားတွင် ကြားလူအဖြစ်ရှိနေသကဲ့သို့ ဆီးရီးယားတွင်လည်း သမ္မတ ဘာရှားအာဆတ်ဘက်မှ သံတမန်ရေး အကာအကွယ်ပေးနေသည်။

















