ဂျပန်၌ မိုးကြီးရေလျှံမှုကြောင့် သေဆုံးသူ ၁၄၁ ဦးအထိ ရှိသွားပြီဖြစ်

ဂျပန်၌ မိုးကြီးရေလျှံမှုကြောင့် သေဆုံးသူ ၁၄၁ ဦးအထိ ရှိသွားပြီဖြစ်

ကူရာရှီကီ ဇူလိုင် ၁၀
ဂျပန်နိုင်ငံရှိ နေရာအတော်များများ၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူဦးရေသည် ဇူလိုင် ၁၀ ရက်အထိ ၁၄၁ ဦး ရှိသွားပြီဖြစ်ကြောင်း အရေးပေါ်ဌာနများကပြောဆိုခဲ့သည်။

လူဒါဇင်ပေါင်းများစွာပျောက်ဆုံးနေဆဲဖြစ်ပြီး ဇူလိုင် ၉ ရက်တွင် မိုးရွာသွန်းမှုအရှိန်လျော့ကျသွားသောကြောင့် ကယ်ဆယ်ရေးသမားများသည် ယခင်က အဆက်အသွယ်ပြတ်တောက်ခဲ့သည့် နေရာများသို့သွားရောက်ခဲ့ရာ အပျက်အစီးများအောက်တွင် ရုပ်အလောင်းများရှိနေဦးမည်ဆိုသည့် စိုးရိမ်မှုများလည်းရှိလာခဲ့သည်။
    ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည်လည်း လေးနိုင်ငံ နိုင်ငံခြားခရီးစဉ်ကိုဖျက်သိမ်းပြီး ယခုအပတ်အကုန်ပိုင်းတွင် သဘာဝဘေးဒဏ်ခံဒေသများသို့သွားရောက်မည်ဖြစ်သည်။ ရေကြီးရေလျှံမှုအများဆုံးရှိခဲ့သည့် နိုင်ငံအလယ်ပိုင်းနှင့် အနောက်ပိုင်းဒေသများသို့ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးဝန်ထမ်း ၇၀ဝ၀ဝ ကျော်ကို စေလွှတ်ထားပြီးဖြစ်သည်။
    နေ့ရက်ကြာလာသည်နှင့်အမျှ ပျောက်ဆုံးနေသူများကို အသက်ရှင်လျက်ပြန်တွေ့နိုင်မည်ဆိုသည့် မျှော်လင့်ချက်နည်းပါးလာပြီဖြစ်ကြောင်း စစ်သားတစ်ဦးကပြောဆိုခဲ့သည်။ ရဲတပ်ဖွဲ့ဝင်၊ မီးသတ်တပ်ဖွဲ့ဝင်နှင့် စစ်သည် ၇၃၀ဝ၀ တို့ကို ရှာဖွေကယ်ဆယ်ရေးအတွက် တာဝန်ပေးထားကြောင်း ဝန်ကြီးအဖွဲ့ အတွင်းဝန်ချုပ် ယိုရှီဟီဒဲဆူဂါက ပြောဆိုခဲ့သည်။ ရဟတ်ယာဉ် ၇၀ဝ တို့သည်လည်း ရှာဖွေမှုတွင်ပါဝင်နေသည်။
    လူ ၁ ဒသမ ၆ သန်းတို့အား နေအိမ်များမှ အရေးပေါ် နေရာရွှေ့ပြောင်းပေးခဲ့ရပြီးဖြစ်သည်။ ဂျပန်နိုင်ငံရှိ အဓိကကျွန်းတစ်ကျွန်းဖြစ်သော ဟွန်းရှူးကျွန်းအနောက်ပိုင်းရှိ စီရင်စုလေးခု၌ ရာသီဥတုဆိုင်ရာသတိပေးချက်များကို ဂျပန်မိုးလေဝသဌာနက ထုတြ်ပန်ထားသည်။ မြေပြိုခြင်း၊ မြစ်ရေလျှံခြင်းနှင့် လေတိုက်နှုန်းမြင့်မားခြင်းတို့ရှိနိ်ုင်ကြောင်း ဌာနက သတိပေးထားသည်။ ဇူလိုင် ၇ ရက် အစောပိုင်းအထိ လူ ၁ ဒသမ ၆ သန်းကို နေအိမ်များမှ ရွှေ့ပြောင်းပေးခဲ့ပြီး နောက်ထပ် ၃ ဒသမ ၁ သန်းကိုလည်း နေအိမ်များမှထွက်ခွာရန် တိုက်တွန်းထားကြောင်း မီးသတ်နှင့် သဘာဝဘေးစီမံခန့်ခွဲရေးဌာနကပြောဆိုခဲ့သည်။ ရှီကိုးကူးကျွန်းရှိ မိုတိုယာမမြို့၌ ဇူလိုင် ၆ ရက်နှင့် ၇ ရက် ၂၄ နာရီအတွင်း မိုးရေချိန် ၂၃ လက်မခန့်ရှိခဲ့ကြောင်း မိုးလေဝသဌာနကထုတ်ပြန်ခဲ့သည်။