ပေကျင်း ဇူလိုင် ၁၀
ကွယ်လွန်သူ ငြိမ်းချမ်းရေးဆိုင်ရာ နိုဘယ်လ်ဆုရှင် လျူရှောင်ပို၏ဇနီး လျူရှားသည် ရှစ်နှစ်ကြာ နေအိမ်အကျယ်ချုပ်ဖြင့် နေထိုင်ခဲ့ရပြီးနောက် ဇူလိုင် ၁၀ ရက်တွင် တရုတ်မှ ဥရောပသို့ထွက်ခွာသွားပြီဖြစ်ကြောင်း လျူရှား၏ဆွေမျိုးများနှင့် မိတ်ဆွေများကပြောဆိုခဲ့သည်။
လျူရှားကို ပြစ်မှုတစ်စုံတရာဖြင့် တရားစွဲဆိုထားခြင်းမရှိသောကြောင့် ၎င်းကိုလွှတ်ပေးရန် တရုတ်အစိုးရအား အနောက်နိုင်ငံအစိုးရများက တိုက်တွန်းခဲ့ပြီးဖြစ်သည်။ လျူရှားသည် ဘဝသစ်စရန်အတွက် ဇူလိုင် ၁၀ ရက် မွန်းတည့်ချိန်တွင် ပေကျင်းမှ ဥရောပသို့ထွက်ခွာသွားပြီဖြစ်ပြီး ခက်ခဲသော နှစ်များအတွင်း အကူအညီပေးခဲ့သူများကိုကျေးဇူးတင်ရှိပါကြောင်း၊ ယခုအချိန်မှစ၍ လျူရှား၏ဘဝ ငြိမ်းချမ်းပြီး ပျော်ရွှင်ပါစေဟု ဆုမွန်ကောင်းတောင်းပါကြောင်း လျူရှား၏သားချင်းတစ်ဦးဖြစ်သည့် လျူဟွီက လူမှုမီဒီယာတွင်ရေးသားခဲ့သည်။
မိသားစုမိတ်ဆွေဖြစ်သလို ဝါရင့် ဂျာနယ်လစ်တစ်ဦးလည်းဖြစ်သည့် ကောက်ယုက လျူရှား ဘာလင်သို့ ထွက်ခွာသွားပြီဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ဂျာမနီတွင်နေထိုင်သည့် မိတ်ဆွေတစ်ဦးဖြစ်သော ဆုယုတန်ကလည်း လျူရှား ဘာလင်သို့ထွက်ခွာသည့်သတင်းကို အတည်ပြုပြောဆိုခဲ့သည်။
လျူရှားဝမ်းနည်းစိတ်ပျက်စွာ ငိုကြွေးနေပုံကို အသံဖမ်းထားသည့် ဗီဒီယိုဖိုင်တစ်ဖိုင် မေတွင် ထွက်ပေါ်ခဲ့ပြီးနောက် လျူရှားကို ကြိုဆိုပါကြောင်း ဂျာမနီအစိုးရကထုတ်ပြန်ခဲ့သည်။ တရုတ်ဝန်ကြီးချုပ် လီကဲ့ချန် ဂျာမနီသို့သွားရောက်ချိန်နှင့် လျူရှား ဂျာမနီသို့ ထွက်ခွာလာချိန်တို့ တိုက်ဆိုင်နေသည်။
နော်ဝေနိုဘယ်ဆုရွေးချယ်ရေးကော်မတီက နိုင်ငံတော်ပုန်ကန်မှုဖြင့် ချုပ်နှောင်ခံထားရသည့် ခင်ပွန်းဖြစ်သူ လျူရှောင်ပိုအား ငြိမ်းချမ်းရေးဆိုင်ရာနိုဘယ်လ်ဆုချီးမြှင့်ခဲ့ပြီးနောက် ၂၀၁၀ ပြည့်နှစ်တွင် တရုတ်အာဏာပိုင်များသည် လျူရှားကို နေအိမ်အကျယ်ချုပ်ဖြင့် ထားရှိခဲ့သည်။ လျူရှောင်ပိုသည် ယမန်နှစ် ဇူလိုင်တွင် အစိုးရ၏ချုပ်နှောင်ခံရစဉ်အတွင်း အသည်းကင်ဆာဖြင့်သေဆုံးခဲ့သည်။ ဇူလိုင် ၁၃ ရက်တွင် လျူရှောင်ပိုသေဆုံးမှု တစ်နှစ်ပြည့်မည်ဖြစ်သည်။
တရုတ်နိုင်ငံတွင် နိုင်ငံရေးနှင့် စီးပွားရေးအရ ပွင့်လင်းမြင်သာသည့်စနစ်ကျင့်သုံးရန် တောင်းဆိုသည့် ကြေညာချက်စာတမ်းတစ်စောင်ကို ရေးသားဖြန့်ချိရာတွင် လျူရှောင်ပိုပါဝင်ခဲ့ပြီးနောက် တရုတ်အာဏာပိုင်များသည် လျူအား နိုင်ငံတော်ပုန်ကန်မှုဖြင့် ၂၀ဝ၉ ခုနှစ်တွင် ထောင်ဒဏ်ချမှတ်ခဲ့သည်။

















