ကမ္ဘာပေါ်ရှိ ကလေးလေးဦးလျှင် တစ်ဦး လက်နက်ကိုင်ပဋိပက္ခနှင့် သဘာဝဘေးဖြစ်ပွားရာ နေရာများတွင် နေထိုင်နေရ

ကမ္ဘာပေါ်ရှိ ကလေးလေးဦးလျှင် တစ်ဦး လက်နက်ကိုင်ပဋိပက္ခနှင့် သဘာဝဘေးဖြစ်ပွားရာ နေရာများတွင် နေထိုင်နေရ

ကုလသမဂ္ဂ ဇူလိုင် ၁၀
ကမ္ဘာပေါ်ရှိ ကလေးလေးဦးလျှင် တစ်ဦးသို့မဟုတ် ကလေး ၅၃၅ သန်းသည် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားရာနှင့် သဘာဝဘေးအန္တရာယ်များကျရောက်ရာနေရာများတွင် နေထိုင်နေရကြောင်း ကုလသမဂ္ဂကလေးများအေဂျင်စီက ဇူလိုင် ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကမ္ဘာ့ကလေးငယ်ဦးရေ၏လေးပုံတစ်ပုံသည် ဆိုးရွားသော အခြေအနေများတွင် ပိတ်မိနေသည်မှာမဖြစ်သင့်သော ကိစ္စရပ်ဖြစ်ကြောင်း အေဂျင်စီအကြီးအကဲ ဟန်ရီတာဖောက ကလေးငယ်နှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ လုံခြုံရေးကောင်စီအစည်းအဝေးတွင် ပြောဆိုခဲ့သည်။ ယီမင်၊ မာလီနှင့် တောင်ဆူဒန်တို့အပါအဝင် နေရာများစွာရှိ ပဋိပက္ခများကြောင့် ကလေးငယ်များနှင့် လူငယ်များ၏ဘဝများ ထိခိုက်ပျက်စီးခဲ့ရပုံကို ၎င်းကထောက်ပြပြောဆိုခဲ့သည်။ ထို့ပြင် ကလေးစစ်သားအဖြစ် တာဝန်ထမ်းဆောင်ရသူများ မြေမြှုပ်မိုင်းများကြောင့် သေဆုံးရပုံနှင့် စာသင်ကျောင်းများ တိုက်ခိုက်ခံရပုံများကိုလည်း ဟန်ရီတာဖောက ဖွင့်ဟပြောဆိုခဲ့သည်။
    ယခုလအတွက် လုံခြုံရေးကောင်စီဥက္ကဋ္ဌတာဝန်ယူထားသည့် ဆွီဒင်က ယနေ့ ကလေးငယ်များကို ကာကွယ်ခြင်းသည် အနာဂတ်တွင်ဖြစ်မည့် ပဋိပက္ခကို ကြိုတင်တားဆီးခြင်း ဟု အမည်ပေးထားသည့် အစည်းအဝေးကို ကျင်းပခဲ့ပြီး ကုလသမဂ္ဂက ကမ္ဘာတစ်ဝန်းရှိ ကလေးများနှင့်လူငယ်များကို ပိုမိုကာကွယ်နိုင်ရေး လုပ်ပိုင်ခွင့်ပို့ပေးသည့် ဆုံးဖြတ်ချက်မူကြမ်းကိုလည်း တင်ပြခဲ့ရာ အဖွဲ့ဝင် ၁၅ နိုင်ငံတို့က တစ်ညီတစ်ညွတ်တည်း အတည်ပြုခဲ့သည်။
    ကလေးငယ်များကို ကာကွယ်နိုင်ရေးအတွက် အားထုတ်ကြိုးပမ်းခြင်းမရှိခဲ့ကြောင်း ဆွီဒင်ဝန်ကြီးချုပ် ရှတက်ဖင်လိုဗ်ဖန်က ပြောဆိုခဲ့သည်။ လက်နက်ကိုင်ပဋိပက္ခများအတွင်း လက်နက်ကိုင်များအဖြစ် စုဆောင်းခံရသည့် ကလေးငယ်များကို ထိခိုက်နစ်နာသူများအဖြစ် သတ်မှတ်ရန်ကိုလည်း ဆုံးဖြတ်ချက်တွင် ဖော်ပြထားသည်။
    ထို့ပြင် လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပတ်သက်မှုရှိခဲ့သည့် ကလေးငယ်များအား လူ့အဖွဲ့အစည်းတွင်း ပြန်လည်သွတ်သွင်းပြီး ကလေးငယ်များကို ပြဿနာ၏တစ်စိတ်တစ်ပိုင်းအဖြစ် မသတ်မှတ်ဘဲ ရလဒ်၏တစ်စိတ်တစ်ပိုင်းအဖြစ်သာသတ်မှတ်ရန် ဆုံးဖြတ်ချက်တွင်တောင်းဆိုထားသည်။
    လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားနေသည့် နိုင်ငံများရှိ လူ ၆၀ ရာခိုင်နှုန်းကျော်သည် အသက် ၂၅ နှစ်အောက် အရွယ်များဖြစ်ကြောင်း ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီး နစ်ကီဟာလေက ပြောဆိုခဲ့သည်။ ၂၀၁၇ ခုနှစ်အတွင်း ကလေးငယ်အခွင့်အရေးချိုးဖောက်မှု ၂၁၀ဝ၀ ကျော်ရှိခဲ့သည့်အတွက် အလွန်အမင်းအံ့သြတုန်လှုပ်မိကြောင်း ကုလ၏ ကလေးနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာအထူးကိုယ်စားလှယ် ဗာဂျီးနီးယားဂမ်ဘာကပြောဆိုခဲ့သည်။