မယ်ဆိုင် ဇူလိုင် ၁၀
ထိုင်းမြောက်ပိုင်း ထမ့်လွမ်ဂူအတွင်း၌ ပိတ်မိနေခဲ့သည့် ကျောင်းသားငယ်များနှင့် ဘောလုံးနည်းပြတို့ ကယ်ဆယ်ရေးကို တတိယနေ့အဖြစ် ဇူလိုင် ၁၀ ရက်၌ ဆက်လက်ဆောင်ရွက်ခဲ့သည်။ ကယ်ဆယ်ရေးအတွက် ငွေမည်မျှကုန်သည်ဖြစ်စေ လူ့အသက်များက ပိုအရေးကြီးသည်ဟု ထိုင်းဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။
ဇူလိုင် ၁၀ ရက် ဂူတွင်းကယ်ဆယ်ရေးကို နံနက် ၁၀ နာရီ၌ ရေငုပ်သမား ၁၉ ဦးဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။ ဆေးဘက်အမှုထမ်း တစ်ဦးနှင့် ထိုင်းနေဗွီဆီးလ်တပ်ဖွဲ့ဝင်သုံးဦးတို့သည် ကျန်ရှိပိတ်မိသူငါးဦးနှင့်အတူ ဂူအတွင်းပိုင်း၌ စောင့်ဆိုင်းနေခဲ့ကြသည်။ တတိယနေ့ ကယ်ဆယ်ရေးသည် ပြီးခဲ့သည့်နှစ်ရက်ကယ်ဆယ်ရေးများထက် အချိန်ပိုကြာမြင့်ဖွယ်ရှိပြီး စုစုပေါင်း ၁၁ နာရီအထိ အချိန်ယူရဖွယ် ရှိကြောင်း ချင်းရိုင်ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောဆိုခဲ့သည်။
ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာသည် လိုဏ်ဂူအနီးတွင်ရှိနေသည့် ကျောင်းသားငယ်များ၏ မိသားစုများထံ ဇူလိုင် ၉ ရက် ညပိုင်းက လာရောက်တွေ့ဆုံခဲ့သည်။ ယင်းသို့တွေ့ဆုံရာတွင် ဝန်ကြီးချုပ်က ကယ်ဆယ်ရေးလုပ်ငန်းအတွက် မည်မျှကုန်ကျသည်ဖြစ်စေ မည်သူမျှ မကျေမနပ်မဖြစ်သင့်၊ လူ့အသက်များသည် အရေးအကြီးဆုံးဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း စီအင်န်အင်န်က ဖော်ပြခဲ့သည်။
ဇူလိုင် ၈ ရက်နှင့် ၉ ရက်အတွင်း ကယ်ထုတ်ခဲ့သည့် ကျောင်းသားငယ် ၈ ဦးစလုံးသည် ဘောလုံးအားကစားသမားများ ဖြစ်ကြ၍ စိတ်ဓာတ်ရေးရာမြင့်မားပြီး ကိုယ်ခံအားစနစ်လည်း ကောင်းမွန်ကြောင်း ကျန်းမာရေးအရာရှိတစ်ဦးက ပြောဆိုသည်။ မည်သို့ဖြစ်စေ ရောဂါကူးစက်နိုင်ခြေ မြင့်မားမှုကြောင့် ၄င်းတို့ကို ဆရာဝန်များက ဆေးရုံတွင် သီးသန့်ထားရှိ စောင့်ရှောက်ခဲ့သည်။
ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဂျက်ဆာဒါ ချောက်ဒွမ်ရောင်ဆပ်က ပထမဆုံးကယ်တင်နိုင်ခဲ့သည့် အသက် ၁၂ နှစ်မှ ၁၆ နှစ်အရွယ် လေးဦးတို့သည် ယခုအခါ ထိုင်းအများစုနှစ်သက်သည့် အစပ်စာများမှလွဲ၍ အခြား ပုံမှန်အစားအသောက်များ စားသောက်နိုင်ပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ဒုတိယနေ့တွင် ကယ်တင်ခဲ့သည့် အသက် ၁၂ နှစ်မှ ၁၄ နှစ်ရွယ် လေးဦးသည်လည်း ကျန်းမာရေးကောင်းမွန်ကြောင်း သိရသည်။
ကယ်တင်ပြီး ၈ ဦးအနက် ၂ ဦးသည် အဆုတ်တွင် သက်ရောက်နိုင်ခြေတစ်စုံတစ်ရာ ရှိသော်လည်း ယျေဘူယျအားဖြင့် အားလုံး ကျန်းမာပျော်ရွှင်လျက်ရှိကြောင်း၊ ၄င်းတို့ကို အနည်းဆုံး ဆေးရုံတွင် ၇ ရက်ထားရှိဦးမည်ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။ ကျောင်းသားငယ်များအပေါ် မည်သည့်သက်ရောက်မှုများရှိမည်ဟု မသေချာကြောင်း၊ အဘယ့်ကြောင့်ဆိုသော် နက်ရှိုင်းသည့် ဂူတွင်းမှ လွတ်မြောက်လာသည့်အခြေအနေမျိုး တစ်ကြိမ်မျှ မကြုံဖူးသေး၍ဖြစ်ကြောင်းလည်း ကျန်းမာရေးဌာနက ပြောဆိုသည်။
တောဝက်ဟုအမည်ရသည့် ဒေသခံဘောလုံအသင်းတစ်သင်းလည်းဖြစ်သည့် ကျောင်းသားငယ် ၁၂ ဦးနှင့် ၄င်းတို့၏ ဘောလုံးနည်းပြသည် ဇွန် ၂၃ ရက်ကတည်းက ဂူတွင်းဝင်ရောက်ပြီးနောက် ရေကြီးရေလျှံလာ၍ အတွင်းပိုင်းအမြင့်ဆီ တိုးဝင်ကာ ပိတ်မိပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်။ ၄င်းတို့ကို ထိုင်းရေတပ်နှင့် နိုင်ငံတကာရေငုပ်ကျွမ်းကျင်သူများက ရှာဖွေခဲ့ပြီး ဇူလိုင် ၂ ရက်၌ တွေ့ရှိခဲ့သည်။
သို့သော် ဂူတွင်းမှကယ်ထုတ်ရန် အန္တရာယ်များပြားခြင်းကြောင့် အခက်အခဲများတွေ့ခဲ့ရပြီး မိုးသည်းကာ ရေလျှံနိုင်ခြေကြောင့် ဇူလိုင် ၈ ရက်တွင် ဂူတွင်းပိတ်မိနေရာမှ ဂူဝအထိ ၄ ကီလိုမီတာခန့် ဝေးကွာသည့် အန္တရာယ်များပြားသည့် လမ်းကြောင်းအတိုင်း စတင်ကယ်ထုတ်ခဲ့သည်။ ကျဉ်းမြောင်းသည့် ရေငုပ်လမ်းကြောင်းနှင့် မြင်နိုင်စွမ်းမှာလည်း အလွန်နည်းပါးပြီး အမြင့်တက်ရသည့်ခရီးလည်း ပါဝင်သည့် လမ်းကြောင်းအတွင်း ကျောင်းသားငယ်တစ်ဦးလျင် ရေငုပ်သမားနှစ်ဦး စောင့်ရှောက်ကယ်ထုတ်ခဲ့ခြင်းဖြစ်သည်။
ဇူလိုင် ၈ ရက်တွင် လေးဦး၊ ၉ ရက်တွင် လေးဦး အောင်မြင်စွာ ကယ်ထုတ်နိုင်ပြီးနောက် ကျန်ရစ်သည့်ငါးဦး(ကျောင်းသားငယ် လေးဦးနှင့် ဘောလုံးနည်းပြ)တို့ကို ဇူလိုင် ၁၀ ရက်တွင် နံနက် ၁၀ နာရီမှ စတင်ကယ်ထုတ်နေပြီဖြစ်ကြောင်း သိရသည်။

















