သာကေတမြို့နယ်တွင် လူသတ်မှု ကျူးလွန်တိမ်းရှောင်နေသူကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဇူလိုင် ၁၀ ရက်တွင် ဖမ်းဆီးဖော်ထုတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ဇူလိုင် ၇ ရက် နံနက် ၆ နာရီအချိန်တွင် သာကေတမြို့နယ်၊ ၁၀/တောင်(၁၄)ရပ်ကွက်၊ စည်ပင်ဝင်း၊ ရှုခင်းသာအတွင်းလမ်းဘေးရှိရေမြောင်းတွင် အမျိုးသားတစ်ဦးလဲကျသေဆုံးနေကြောင်း သတင်းအရ သာကေတမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက စစ်ဆေးခဲ့သည်။
သာကေတမြို့နယ်၊ ၁၀/တောင်(၁၃)ရပ်ကွက်နေ ကိုမင်းမင်းအောင်၊ (၃၉)နှစ် မှာ အဆိုပါနေရာ၌ မှောက်လျက်အနေအထားဖြင့် ဦးခေါင်းနှောက်စေ့ (၆)လက်မခန့် ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ ဝဲနဖူးညိုမဲဒဏ်ရာ(၁)ချက်၊ လည်ပင်းပွန်းရှဒဏ်ရာ(၁)ချက်တို့ရရှိကာ သေဆုံးနေသည်ကိုတွေ့ရှိရပြီး အနီးရှိ ကွန်ကရစ် လမ်းမပေါ်တွင် သွေးကွက်များ၊ လုံးပတ်(၁၄) လက်မခန့်ရှိ ကျောက်ခဲ(၁)လုံးနှင့် Basini 01 Size 8 Made In Thailand တံဆိပ်ပါ အနက်ရောင်ယောကျာ်းစီးကွင်းထိုးဖိနပ် (၁)ရံတို့ကို တွေ့ရှိရသဖြင့် သိမ်းဆည်းခဲ့ပြီးသာကေတနယ်မြေရဲစခန်းက (ပ)၄၉၁/၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အရအမှုဖွင့်စုံစမ်းခဲ့သည်။
အမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူမှာ သာကေတမြို့နယ်၊ (၆)ရပ်ကွက်နေ သန်းအေး ဆိုသူဖြစ်ပြီး ၎င်း၏ ဇနီးဖြစ်သူကို ခေါ်ဆောင်ကာ ဧရာဝတီတိုင်းဒေသကြီး၊ဒေးဒရဲမြို့သို့ တိမ်းရှောင်သွားကြောင်း ပူးပေါင်းအဖွဲ့က သတင်းရရှိခဲ့သည်။ အမှုဖြင့်တိမ်းရှောင်နေသူ သန်းအေးကို ဇူလိုင် ၁၀ ရက် ညနေ ၅ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ဘိုကလေးမြို့နယ်၊ ထော်ပိုင်ကျေးရွာအုပ်စု၊ အေးချမ်းသာယာကျေးရွာ၌ ဖမ်းဆီးရမိခဲ့သည်။
အမှုနှင့်ပတ်သက်၍ ဆက်လက်စစ်ဆေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

















