ပဲခူးခရိုင်ဥပဒေရုံး ဥပဒေအရာရှိအဆင့်၄ အမျိုးသမီးနေအိမ်မှ အိမ်အကူမကရင်မသေဆုံးမှု တတိယအကြိမ်ရုံးထုတ်

ပဲခူးခရိုင်ဥပဒေရုံး ဥပဒေအရာရှိအဆင့်၄ အမျိုးသမီးနေအိမ်မှ အိမ်အကူမကရင်မသေဆုံးမှု တတိယအကြိမ်ရုံးထုတ်

ပဲခူးခရိုင်ဥပဒေရုံး ဥပဒေအရာရှိအဆင့်၄ အမျိုးသမီးနေအိမ်တွင် အိမ်အကူလုပ်ကိုင်စဉ် နှိပ်စက်ခံရသည့် ဒဏ်ရာများဖြင့် အိမ်အကူ မကရင်မ သေဆုံးခဲ့မှုဖြင့်စွပ်စွဲခံရသူ  တပ်မတော်အရာရှိကတော် ပဲခူးခရိုင်ဥပဒေရုံး ဥပဒေအရာရှိအဆင့်၄ ဒေါ်သိင်္ဂီစုကို ယနေ့ (ဇူလိုင် ၁၁ ရက်နေ့)တွင် တောင်ပိုင်းခရိုင်တရားရုံးတွင် တတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။

ယနေ့ရုံးချိန်းတွင် မကရင်မ ရွာသို့ ရောက်ရှိခဲ့ပြီး သေဆုံးခဲ့မှုဖြစ်စဉ် တိုင်ကြားချက်များ နှင့် ပတ်သက်၍ အမှုမှ တရားလိုဖြစ်သူ တွံတေးမြို့နယ် အုပ်ဖိုလ်ကျေးရွာရာအိမ်မှူး ဦးအေးသောင်းအား စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ရုံးချိန်း၂ ချိန်းတွင်  အမှုဖြင့် စွပ်စွဲခံရသူ ဒေါ်သိင်္ဂီစု ရုံးထုတ်မှုနှင့်ပတ်သက်၍ လိုအပ်သည့် ထက်လုံခြုံရေးပိုမိုဆောင်ရွက်ပေးမှုများရှိနေခြင်းကြောင့် လူစားထိုးလဲလှယ်မှုများပြုလုပ်နေသည် ဆို သည့် ဝေဖန်မှုများလည်းမြင့်တက်ခဲ့သည်။

ရုံးရှေ့စွပ်စွဲခံရသူ ဒေါ်သိင်္ဂီစုက ရွာမှတာဝန်ရှိသူများထံ လာရောက်အပ်နှံပုံနှင့် ကျန်းမာရေးမကောင်းခြင်းကြောင့် ဆေးကုသရန် ကျပ် ၁၈၀၀၀၀ ပေးခဲ့မှုအပါဝင်စာချုပ်ပေါ်တွင် လက်မှတ်ထိုးပေးအပ်နှံမှု၊ မကရင်မက ၎င်း ခန္ဓာကိုယ်ပေါ်မှ ဒေါ်သိင်္ဂီစု တို့နှိပ်စက်ခဲ့ သည့် ဆိုသည့် ဒဏ်ရာများ ကို မဌေးဌေး အပါဝင် ရွာသားများကို ပြသခဲ့မှု၊  ဆေးရုံသို့တင်ပို့ပေးရန် ပြောကြားခဲ့ပြီး တာဝန်ရှိသူများသွားရောက်အကြောင်းကြားခေါ်ဆောင်စဉ် သေဆုံးခဲ့မှုတို့ကို ထွက်ဆိုခဲ့သည်။

စွပ်စွဲခံရသူ ဒေါ်သိင်္ဂီစု၏ အကျိုးဆောင်ရှေ့နေ က လည်း တရားလို ဦးအေးသောင်းကို အမှုနှင့်ပတ်သက်၍ မေးခွန်းများကို မေးမြန်းခဲ့သည်။

အမှုမှာ  မေ ၁၉ရက်က လှည်းကူးမြို့ သံချပ်ကာတပ်ရင်းရှိ တပ်မတော်အရာရှိတစ်ဦး၏နေအိမ်တွင် အိမ်အကူအဖြစ် လုပ်ကိုင် ခဲ့သူ  ကရင်မ (ခ) မခင်စန္ဒာဦး (၄ဝနှစ်)မှာ ကျန်းမာရေးမကောင်းသည်ဟုဆိုကာ အရာရှိကတော်ဖြစ်သူ ပဲခူးခရိုင်ဥပဒေရုံး ဥပဒေအရာရှိအဆင့်၄ ဒေါ်သိင်္ဂီစုနှင့်၄င်း၏ မိခင်တို့က ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ပို့ဆောင်စဉ် မကရင်မ(ခ)မခင်းစန္ဒာဦးက အရာရှိကတော် ဒေါ်သိင်္ဂီစုက ဆွဲကြိုး ခိုးသည်ဟု စွပ်စွဲ ပြောဆိုပြီး ခြေထောက်ဖြင့် ကန်ခြင်း၊ ကျောက်ပြင် ဖြင့်ထုခြင်း မတရား ရက်စက်စွာ ညှဉ်းပန်း နှိပ်စက် ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း ကျေးရွာတာဝန်ရှိသူများကို ပြောပြခဲ့သည်။

ကရင်မ (ခ) မခင်စန္ဒာဦး၏ခန္ဒာကိုယ်တွင် ညှဉ်းပန်းနှိပ်စက်သည့် အညိုအမဲဒဏ်ရာများတွေ့ရှိသဖြင့် ကျေးရွာ ရာအိမ်မှူး ဦးအေးသောင်း နှင့်အဖွဲ့က ဆေးရုံသိုတင်ပို့ကုသရန် ပြင်ဆင်နေစဉ် ရရှိသည့် ဒဏ်ရာများဖြင့်သေဆုံးခဲ့သည်။

သေဆုံးသူ၏ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးချက်အရ ဦးခေါင်း ချိုစောင်းရှိ ဦးနှောက်သွေးကြောများ ပုံမှန်ထက် ဖောင်းကားနေခြင်း၊ ဝမ်းဗိုက်ညို မည်းစွဲ ဒဏ် ရာနှင့် အူတစ် လက်မခန့် ပေါက်ပြဲဒဏ်ရာများကို တွေ့ရှိခဲ့ပြီး ယင်းဒဏ်ရာများ မှာ လွန်ခဲ့သည့် ငါးရက်ခန့် ကရရှိခဲ့သည့် ဒဏ်ရာများဖြစ်ကြောင်း ဆေးစာပြန်ကြားချက်အရသိရသဖြင့် ခလောက်ချိုက်နယ်မြေရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့် ကာ မေ ၂၁ ရက်နေ့တွင်  ဒေါ်သိင်္ဂီစုကို ဖမ်းဆီးအရေးယူခဲ့ပြီး ဥပဒေအကြံပြုချက်ရယူကာ ဇွန် ၁၄ ရက်နေ့တွင်  တောင်ပိုင်းခရိုင်တရားရုံးသို့ ရာဇဝတ်အမှုကြီး အမှတ် ၅၇/၁၈ ဖြင့်တရားစွဲ ဆိုတင်ပို့ ခဲ့သော အမှုဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်နေ့ ရုံးချိန်းတွင် တောင်ပိုင်းခရိုင်တရားရုံးတွင် နှစ်ဖက်ရှေ့နေများက ရှေ့နေ လိုက်ပါခွင့် (ပါ၀ါ)များ တင်လျှောက်ခဲ့ကြပြီး ယနေ့ရုံးချိန်းတွင် အမှုမှ တရားလို ရာအိမ်မှူးကို စစ် ဆေးခဲ့ခြင်းဖြစ်သည်။