ဗီယက်နမ်၌ နိုင်ငံပိုင်ငွေများ အလဟဿဆုံးရှုံးစေမှုဖြင့် ဖုန်းကုမ္ပဏီဥက္ကဋ္ဌဟောင်းနှင့် အစိုးရအရာရှိတစ်ဦး ဖမ်းဆီးခံရ

ဗီယက်နမ်၌ နိုင်ငံပိုင်ငွေများ အလဟဿဆုံးရှုံးစေမှုဖြင့် ဖုန်းကုမ္ပဏီဥက္ကဋ္ဌဟောင်းနှင့် အစိုးရအရာရှိတစ်ဦး ဖမ်းဆီးခံရ

စီးပွားစီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့် နိုင်ငံပိုင်ငွေများ အလဟဿဆုံးရှုံးရမှုဖြင့် ဖုန်းကုမ္ပဏီဥက္ကဋ္ဌဟောင်းတစ်ဦးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အရာရှိဟောင်းတစ်ဦးကို ဗီယက်နမ်အစိုးရက ဖမ်းဆီးလိုက်ကြောင်းသိရ သည်။ နိုင်ငံပိုင် မိုဘီဖုန်းကော်ပိုရေးရှင်းဥက္ကဋ္ဌဟောင်း လီနမ်ထရာနှင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ အင်တာပရိုက်လုပ်ငန်းများ စီမံခန့်ခွဲရေးဌာနအကြီးအကဲ ဖမ်ဒင်ထရောင် တို့ကို ဇူလိုင်  ၁၀  ရက်က ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်သည်။

မိုဘီဖုန်းသည် ဗီယက်နမ်တွင်သုံးစွဲသူ ဒုတိယအများဆုံးဖုန်းကုမ္ပဏီကြီး ဖြစ်သည်။

ညံ့ဖျင်းမှု

အရှုံးပြနေသည့် ပုဂ္ဂလိက အင်တာနက် ရုပ်သံလုပ်ငန်း တစ်ခုကို ပေါက်ဈေးထက် များစွာဈေးပိုပေးပြီး ဝယ်ယူခဲ့မှု ကြောင့် နိုင်ငံပိုင်ငွေ အများအပြား ဆုံးရှုံးခဲ့ခြင်းနှင့် ဆက်စပ်ပြီး ထိုနှစ်ဦးကို စီးပွားစီမံခန့်ခွဲမှု ညံ့ဖျင်းမှုဖြင့် အများပြည်သူ လုံခြုံရေးဝန်ကြီးဌာနက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ယခုနှစ်ဆန်းပိုင်းတွင် မိုဘီဖုန်းသည် Audio Visual Global Joint Company (AVG) ၏ ရှယ်ယာ ၉၅ ရာခိုင်နှုန်းထိကို ဝယ်ယူခဲ့သည်။ ဒေါင်ငွေ ၈ ဒသမ ၉ ထရီလီယံဖိုး (ဒေါ်လာ ၃၈၇ သန်း) ဖြစ်သည်။ AVG သည် ၂၀၁၅ မတ်လကုန်အထိ ကုမ္ပဏီ တရားဝင်မတည် ငွေ၏ ၄၅ ရာခိုင်နှုန်းဖြစ်သော ဒေါ်လာ ၇၃ သန်း အရှုံးပေါ်လျက်ရှိသည်။ မိုဘီဖုန်းက AVG ၏ ၉၅ ရာခိုင်နှုန်းအထိကို ဝယ်ယူခဲ့မှုကြောင့် မိုဘီဖုန်းသည် စုစုပေါင်း ဒေါ်လာ ၃၀၅ သန်းဖိုး အရှုံးပေါ်ခဲ့ရရကြောင်း အစိုးရထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အကျိုးဆက် အားဖြင့် မိုဘီဖုန်းသည် ငွေကြေးလည်ပတ်မှု ကျပ်တည်းကာ ဈေးကွက်အတွင်းလည်း ရှယ်ယာများ ထုတ်ရောင်းရန် များစွာ အခက်အခဲ တွေ့ခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စုံစမ်းစစ်ဆေး

ယခုလို အရှုံးပေါ်နေသည့် လုပ်ငန်းကို ဝယ်ယူမှုနောက် ကွယ်တွင် မည်သို့သောအကြောင်းအချက်များ ရှိကြောင်း ကိုလည်း ရဲတပ်ဖွဲ့က ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေး နေပြီဖြစ်ကြောင်း အများပြည်သူ လုံခြုံရေးဝန်ကြီးဌာနက ပြောသည်။