တောဝက်အသင်း ထိုင်းကလေးများ ကိုယ်အလေးချိန် ၄ ပေါင်ခွဲနီးပါး လျော့ကျခဲ့သော်လည်း ကျန်းမာဟုဆို

တောဝက်အသင်း ထိုင်းကလေးများ ကိုယ်အလေးချိန် ၄ ပေါင်ခွဲနီးပါး လျော့ကျခဲ့သော်လည်း ကျန်းမာဟုဆို

မယ်ဆိုင်    ဇူလိုင် ၁၁
    ထိုင်းမြောက်ပိုင်းရှိ ရေလွှမ်းမိုးသည့် ထမ့်လွမ်ဂူတွင်း၌ ၁၈ ရက်ကြာပိတ်မိနေခဲ့ပြီး ကယ်ထုတ်နိုင်ခဲ့သည့် တောဝက် ဘောလုံးအသင်းမှ ထိုင်းကျောင်းသားငယ်များသည် ပျမ်းမျှခြင်းအားဖြင့် ကိုယ်အလေးချိန် ၄ ပေါင်ခွဲနီးပါးစီ ကျဆင်းခဲ့သော်လည်း ကျန်းမာလျက်ရှိကြောင်း သိရသည်။

လွန်ခဲ့သည့်သုံးရက်က ကယ်ထုတ်နိုင်ခဲ့သည့် ကျောင်းသားငယ် ၁၂ ဦးနှင့် ဘောလုံးနည်းပြတို့သည် ဂူတွင်း၌ ၄င်းတို့ဘာသာ ကောင်းစွာစောင့်ရှောက်နိုင်ခဲ့ကြောင်း ချင်းရိုင်ဆေးရုံတွင် ကျန်းမာရေးစစ်ဆေးရေးမှူး သောင်ချိုင်း လက်ဝီလိုင်ရာတနာပေါင်က ပြောဆိုသည်။
    ဇူလိုင် ၈ ရက်ကကယ်ထုတ်ခဲ့သူလေးဦးသည် ပုံမှန်အစာများ စားနိုင်ပြီဖြစ်ပြီး ဇူလိုင် ၉ ရက်က ကယ်ထုတ်နိုင်ခဲ့သူ လေးဦးသည် အစာအပျော့များ စားသောက်ခွင့် ရရှိနေပြီဖြစ်သည်။ ဇူလိုင် ၁၀ ရက်က ကယ်ထုတ်ခဲ့သည့်ငါးဦးအနက် တစ်ဦးသည် အဆုတ်ရောင်မှုအနည်းငယ်ဖြစ်ပေါ်နေသည်။ ပထမဆုံးလေးဦးအနက် အဆုတ်ရောင်ခဲ့သူနှစ်ဦးသည် ပြန်လည် ကောင်းမွန်လာပြီး ၄င်းတို့အားလုံး ၇ ရက်ကြာ ဆေးကုသမှုခံယူရမည်ဖြစ်သည်။


    ဇွန် ၂၃ ရက်က ဘောလုံးလေ့ကျင့်အပြီး ဂူတွင်းဝင်ရောက်ရာမှ မိုးရွာသွန်းမှုကြောင့် ရေတက်လာပြီး မြေမြင့်ရာဂူအတွင်းပိုင်း တိုးဝင်ကာပိတ်မိနေသည့် ၄င်းတိ်ု့ ၁၃ ဦးကို ထိုင်းနေဗွီဆီးလ်နှင့် နိုင်ငံတကာရေငုပ်သမားများက ဇူလိုင် ၂ ရက်၌ ပြန်လည်တွေ့ရှိခဲ့ပြီး ဇူလိုင် ၈ ရက်တွင် အခက်အခဲများကြားမှ စတင်ကယ်ထုတ်ခဲ့ခြင်းဖြစ်သည်။
    ချင်းရိုင်ဆေးရုံတွင် ၄င်းတို့ကို ရောဂါမကူးစက်နိုင်ရန် သီးသန့်ထားရှိပြီး မိဘဆွေမျိုးများသည် မှန်နံရံခြား၍ တွေ့ဆုံခွင့်ရရှိသည်။
    ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာသည် ကယ်ဆယ်ရေးတွင် ပါဝင်သူအားလုံးကို ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့သည်။ အစိုးရ၏အားထုတ်မှု၊ ပြည်တွင်းပြည်ပမှ ပြည်သူများ၏ အားပေးမှုနှင့် ကျင့်ဝတ်အရ တစ်ခဲနက်ထောက်ခံမှုတို့က ကယ်ဆယ်ရေးအောင်မြင်မှုကို ဖန်တီးပေးခဲ့ကြောင်း ရုပ်သံမှတစ်ဆင့် ထုတ်လွွှင်ခဲ့သည်။
    ထိုင်းဝန်ကြီးချုပ်သည် လွန်ခဲ့သည့်အပတ်က ကယ်ဆယ်ရေးတွင် ဂူတွင်း၌အောက်ဆီဂျင်ဗူးများ ပြန်လည် ဖြည့်တင်းပေးရင်း သေဆုံးခဲ့ရသည့် ထိုင်းနေဗွီဆီးလ်တပ်ဖွဲ့ဝင်ဟောင်း ဆာမန်ကူနန်၏ စွန့်စားမှုကိုလည်း အသိအမှတ်ပြု ချီးကျူးခဲ့သည်။ ၄င်း၏ ဂုဏ်ယူဖွယ်ရာ စွန့်လွှတ်အနစ်နာခံမှုနှင့် အမွေအနှစ်ကို မိမိတို့နှလုံးသားတွင် ထာဝရအမှတ်ရနေမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
အေပီ