အရပ်ဘက်ဝါဒီနိုင်ငံရေးသမားသေဆုံးခဲ့သည့် တိုက်ခိုက်မှု ၎င်းတို့လက်ချက်ဖြစ်ကြောင်း ပါကစ္စတန်တာလီဘန်ဝန်ခံ

အရပ်ဘက်ဝါဒီနိုင်ငံရေးသမားသေဆုံးခဲ့သည့် တိုက်ခိုက်မှု ၎င်းတို့လက်ချက်ဖြစ်ကြောင်း ပါကစ္စတန်တာလီဘန်ဝန်ခံ

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း၌ ဇူလိုင် ၁၀ ရက်တွင် ရွေးကောက်ပွဲမဲဆွယ် စည်းရုံးမှုတစ်ခု ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် အရပ်ဘက်ဝါဒီနိုင်ငံရေးသမားတစ်ဦးနှင့် အခြားလူ ၂၀ ဦးတို့သေဆုံးခဲ့ရာ ယင်းမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ပါကစ္စတန်တာလီဘန်များက ဇူလိုင် ၁၁ ရက်၌ ဝန်ခံလိုက်ပြီဖြစ်သည်။

ပစ်မှတ်ထား

အဝါမီအမျိုးသားပါတီ၏မဲဆွယ်စည်းရုံးမှုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပါကစ္စတန်တာလီဘန်များ၏ပြောခွင့်ရှိသူ မိုဟမ္မဒ်ကူရာဆာနီက ပြောဆိုခဲ့သည်။ တိုက်ခိုက်မှုကြောင့် ပက်ရှ်ဝါခရိုင်လွှတ်တော်အမတ်လောင်း ဟာရွန်းအာမတ်ဘီလို သေဆုံးခဲ့သည်။

အခြားလူ ၂၀ ဦးသေဆုံးခဲ့ပြီး ဘီလို၏ အသက် ၁၆ နှစ်အရွယ် သားဖြစ်သူအပါအဝင် အခြားလူ ၆၅ ဦး ဒဏ်ရာရရှိခဲ့သည်။

ပါတီသည် ပက်ရှ်ဝါ၏ မြို့တော်အဖြစ် တည်ရှိသည့် ခိုင်ဘာပထန်ခွာခရိုင်အား ၂၀ဝ၈ မှ ၂၀၁၃ ခုနှစ်အထိ အုပ်ချုပ်ခဲ့သည်။ ဘိုလို၏ဖခင်ဖြစ်သည့် ဘာရှားအာမတ်ဘီလိုသည်လည်း ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲမတိုင်မီတွင် အသေခံဗုံးခွဲမှုကြောင့် သေဆုံးခဲ့သည်။ ဇူလိုင် ၂၅ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲများတွင် ပွင့်လင်းမြင်သာမှုရှိပြီး လုံခြုံမှုရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင် ၃၇၀ဝ၀ဝ ကို လုံခြုံရေးစောင့်ကြပ်စေမည်ဖြစ်ကြောင်း စစ်တပ်က ထုတ် ပြန်ပြီး နာရီအနည်းငယ်အကြာတွင် ယခုတိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သစ္စာခံ

စစ်တပ်သည် မဲပေးမှုတွင် တိုက်ရိုက်ပါဝင်မည်မဟုတ်ဘဲ ကြားနေမည်ဖြစ်ကာ အများပြည်သူ သည် အကြောက်တရားမရှိဘဲ နှစ်သက်ရာကိုယ်စားလှယ်လောင်းကို မဲပေးခွင့်ရရှိသင့်ကြောင်း၊ စစ်တပ်သည် ပါကစ္စတန်နိုင်ငံအပေါ်သာ သစ္စာခံမည်ဖြစ်ကြောင်း စစ်တပ်၏ပြောခွင့်ရှိသူ ဗိုလ်ချုပ်အာဆစ်ဂါဖူးကပြောဆိုခဲ့သည်။