မိုးမောက်မြို့နယ်တွင် စက်ပျက်နေသဖြင့် ဆွဲယူလာသည့် ကိုရိုလာယာဉ်ကို သက်ဆိုင်ရာက စစ်ဆေးရာမှ ကျပ်သိန်း ၁၅၂၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ တွေ့ရှိဖမ်းဆီးခဲ့ကြောင်း မိုးမောက်မြို့မရဲစခန်းမှ သိရသည်။
ဇူလိုင် ၁၀ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ကချင်ပြည်နယ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့ဘက်မှ အငှားယာဉ်ဖြင့် ဆွဲယူလာသည့် ကိုရိုလာယာဉ်ကို ကျောက်စခန်းကျေးရွာ မူးယစ်သတင်းအရ စောင့်ဆိုင်းနေသည့် မူးယစ်တပ်ဖွဲ့စု(၁)ဗန်းမော်မှ ရဲအုပ်ခါးလီနှင့်အဖွဲ့က စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးစဉ် ယာဉ်ပေါ်တွင် မဂျာဖာ(၅၃နှစ်) မကော့ရှောင်(၃၃ နှစ်)နှင့် ကလေးနှစ်ဦးလိုက်ပါလာသည်ကို တွေ့ရပြီးယာဉ်ကိုမသင်္ကာသဖြင့် ဗန်းမော်မြို့၊ မူးယစ်တပ်ဖွဲ့စုရုံးသို့ ခေါ်ယူစစ်ဆေးခဲ့သည်။
ထို့ပြင်ဗန်းမော်မြို့အဝင်၌ အဆိုပါယာဉ်ပိုင်ရှင် မဂျီးပါ(ခ)ရွယ်နူး ကရောင်းယာဉ် ဖြင့် ရောက်ရှိ လာသဖြင့် ထပ်မံထိန်းသိမ်းခဲ့သည်။ မဂျီးပါ(ခ)ရွယ်နူးကို စစ်ဆေးရာ ၄င်းပိုင် ကိုရိုလာယာဉ်၏ ဒက်ရှ်ဘုတ်အံဝှက်အတွင်း အထုပ်(၁၀)ထုပ်ဖြင့်ထည့်ထားသော တံဆိပ်မပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၁၉၀)ပြားစီပါ အပြာရောင်ကပ်ခွာအိတ် (၁၀ဝ)ထုပ်၊ ယာဉ်နောက်ခန်းရှိ ယာဉ်အပိုဘီးအတွင်း အထုပ်ကြီး(၃၀)ထုပ်ဖြင့်ထည့်ထားသော တံဆိပ်မပါပန်း ရောင်စိတ်ကြွရူးသွပ်ဆေးပြား(၁၉၀)ပြားစီပါ အပြာရောင်ကပ်ခွာအိတ်(၃၀ဝ)ထုပ်၊ စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား(၇၆၀ဝ၀)ပြားကို ကောင်းစတီးကျေးရွာ၊ ပန်ဆိုင်း(ကြူကုတ်)မြို့နယ်မှ သယ်ဆောင်လာကြောင်း သိရသည်။
၎င်းမိခင်ဖြစ်သူ ဂျာဖာ၊ အစ်မတော်စပ်သူ ကော့ရှောင်တို့နှင့်အတူ မြန်မာ-တရုတ် နယ်စပ်မြို့ဖြစ်သည့် လွယ်ဂျယ်လမ်းကြောင်းအတိုင်းမောင်းနှင် လာစဉ် လမ်းခရီး၌ စက်ပျက်သွားခဲ့ပြီး အခြားမော်တော်ယာဉ်ဖြင့် ငှားရမ်းဆွဲယူစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။
မိုးမောက်မြို့မရဲစခန်းက မယ(ပ)၁၉/၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ အရ အမှုဖွင့် အရေးယူထားသည်။

















