ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ရေကြီးရေလျှံမှုဒဏ် ဆိုးဆိုးရွားရွားခံစားခဲ့ရသည့် ဂျပန်အနောက်ပိုင်းသို့ သွားရောက်စစ်ဆေးခဲ့စဉ် သေဆုံးသူ ၁၇၆ ဦးအထိရှိလာပြီး တပ်ဖွဲ့ဝင် ၇၅၀ဝ၀၊ ရဟတ်ယာဉ်အစီး ၈၀ အသုံးပြု ကယ်ဆယ်ရေးဆောင်ရွက်နေကြောင်း ဂျပန် အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။
ရေတိုက်စားပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် လူ ၄၀ ကျော် သေဆုံး ခဲ့ရသည့် ကူရာရှီကီမြို့ ကယ်ဆယ်ရေးဌာနသို့ ဇူလိုင် ၁၁ ရက်၌ ရှင်ဇို အာဘေးရောက်ရှိခဲ့ခြင်းဖြစ်သည်။ မိုးသည်း၍ ရေကြီးရေလျှံမှု ငါးရက်မြောက်သည့်နေ့တွင် ကယ်ဆယ်ရေးလုပ်သားများနှင့် စေတနာ့ ဝန်ထမ်းများသည် ဆက်လက်ပျောက်ဆုံးနေသူများကို အပျက်အစီးများ ကြားတွင် ရှာဖွေနေကြဆဲဖြစ်သည်။
စံချိန်တင်ရွာချခဲ့သည့်မိုးကြောင့် ရေလျှံမှုနှင့် မြေပြိုကျမှုများဖြစ်ပွား ခဲ့ရာ ဟီရိုရှီးမားနှင့် ပတ်ဝန်းကျင်ဧရိယာများ၌ အသေအပျောက် အများဆုံးဖြစ်သည်။ ကူရဲမြို့ခံများက ရေနှင့်အစားအစာ ဘာမှမရှိကြောင်း မိုင်အီနိချိ သတင်းစာသို့ ပြောဆိုခဲ့ကြသည်။
အပူရှိန်မြင့်
ထောင်ပေါင်းများစွာသောအိမ်များတွင် သန့်ရှင်းသည့်ရေနှင့် လျှပ်စစ်ဓာတ်အားပြတ်တောက်နေပြီး အချို့ဧရိယာများတွင် နေအပူချိန် သည် ၃၅ ဒီဂရီဆဲလ်စီးယပ်စ်(၉၅ ဒီဂရီဖာရင်ဟိုက်)အထိ မြင့်မားနေခြင်း ကြောင့် အပူရှပ်မည့်အခြေအနေများနှင့် ရင်ဆိုင်နေရသည်။
ဂျပန်အစိုးရသည် ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ရန် ယန်း ၂ ဘီလီယံ (ဒေါ်လာ ၁၈ သန်း) သုံးစွဲခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ ဝန်ကြီးချုပ် အာဘေးသည် ယခုအပတ်အတွင်း ဥရောပနှင့် အရှေ့အလယ် ပိုင်းသို့ သွားရောက်မည့် ခရီးစဉ်ကိုဖျက်သိမ်းခဲ့ပြီး အရေးပေါ်တုံ့ပြန် ရေးလုပ်ငန်းများကို ကြီးကြပ်ခဲ့သည်။
















