သမ္မတထရမ့်၏  တစ်ပတ်ကြာ  ဥရောပခရီးစတင် ပူတင်နှင့်တစ်ဦးချင်းတွေ့ဆုံရေး  စိုးရိမ်မှုများရှိနေ

သမ္မတထရမ့်၏  တစ်ပတ်ကြာ  ဥရောပခရီးစတင် ပူတင်နှင့်တစ်ဦးချင်းတွေ့ဆုံရေး  စိုးရိမ်မှုများရှိနေ

တစ်ပတ်ကြာ ဥရောပခရီးစဉ်စတင်ခဲ့ပြီဖြစ်သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ယင်းခရီးစဉ်အတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့်လည်း တစ်ဦးချင်းတွေ့ဆုံရန်ရှိသည်ကို အလွန်ပင် စိတ်မသက်မသာဖြစ်နေကာ စိုးရိမ်နေကြောင်း ဒီမိုကရက်တစ် ထိပ်တန်းအမတ်တစ်ဦးက ပြောဆိုခဲ့သည်။

၄င်း၏လက်ထောက်များက တားဆီးနိုင် ခြင်းမရှိဘဲ သမ္မတထရမ့်သည် သမ္မတပူတင် နှင့်တွေ့ဆုံရာတွင် မည်သည့်အရာများကို စွန့်လွှတ်မည်မသိနိုင်ကြောင်း၊ တရုတ်နှင့်မြောက်ကိုရီးယားခေါင်းဆောင်များနှင့် ထရမ့် တွေ့ဆုံခဲ့ရာတွင် ထရမ့်သည် လောင်းသမျှ အကုန် ရှုံးသကဲ့သို့ ဖြစ်ခဲ့ကြောင်း အထက်လွှတ် တော် ဒီမိုကရက်တစ်ခေါင်းဆောင် ချပ်ရှူးမားက ပြောဆိုခဲ့သည်။ ယင်းကြောင့် အလွန့်အလွန် လိမ္မာပါးနပ်သည့် သမ္မတပူတင်ကဲ့သို့ ပုဂ္ဂိုလ် မျိုးနှင့် တစ်ဦးချင်းတွေ့ဆုံမှုသည် ပိုမိုစိုးရိမ် ဖွယ်ဖြစ်ကြောင်း ပြောဆိုသည်။

ပိုမိုအကျိုးပြု

သမ္မတထရမ့်သည် ဥရောပလေးနိုင်ငံခရီးကို ဇူလိုင် ၁၀ ရက်တွင် စတင်ကာ ဘရပ်ဆဲလ်သို့ ရောက်ရှိခဲ့သည်။ သက်တမ်း ၆၉ နှစ်ရှိပြီဖြစ် သည့် နေတိုးအဖွဲ့၏ ကုန်ကျစရိတ်အရေး အပေါ် ငြင်းခုန်မှုများဖြစ်ပေါ်နေစဉ် ဥရောပသို့ သွားရောက်ခြင်းဖြစ်သည်။ နေတိုးအတွက် ဥရောပက ပိုမိုကျခံရမည်ဖြစ်ပြီး အမေရိကန်က လျော့နည်းကျခံတော့မည်ဖြစ်ကြောင်း၊ နေတိုး အဖွဲ့သည် အမေရိကန်ထက် ဥရောပကို ပိုမို အကျိုးပြုကြောင်း ထရမ့်က ပြောဆိုခဲ့သည်။ ထရမ့်သည် ဥရောပကို နေ့စဉ်လို တိုက်ခိုက် နေကြောင်း ဥရောပကောင်စီဥက္ကဋ္ဌ ဒေါ်နယ် တပ်စ်ခ်က တုံ့ပြန်ခဲ့ရာ နေတိုးအဖွဲ့တွင်ပါဝင် သည့် အမေရိကန်နှင့် ဥရောပအကြား ကုန် သွယ်ရေးမညီမျှမှုကို ရည်ညွှန်းခြင်းဖြစ်ကြောင်း ထရမ့်က ပြန်လည်ပြောဆိုခဲ့သည်။

မပြောနိုင်

သမ္မတပူတင်သည် ရန်သူလော မိတ်ဆွေ လော မပြောနိုင်သေးကြောင်း ထရမ့်က ခရီး မထွက်မီပြောဆိုခဲ့ပြီး ၎င်းသည် ပြိုင်ဘက် တစ်ဦးဟုလည်း သုံးနှုန်းခဲ့သည်။

အလွယ်ကူဆုံး

သမ္မတထရမ့်သည် ဥရောပခရီးဆုံးဖြစ်သည့် ဖင်လန်နိုင်ငံ မြို့တော် ဟယ်ဆင်ကီ၌ သမ္မတ ပူတင်နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ယင်းဆွေး နွေးမှုသည် အလွယ်ကူဆုံးဖြစ်လိမ့်မည်ဟု လည်း ပြောဆိုထားသည်။