ဂျပန်နိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းပြီးနောက် ရေကြီးရေကြီးရေလျှံမှုများကြောင့် ဇူလိုင် ၁၂ ရက်အထိ သေဆုံးသူ ၂၀ဝ နီးပါးရှိခဲ့ပြီး အပျက်အစီးများအောက်တွင် ပျောက်ဆုံးနေသူများရှိမရှိကို ရှာဖွေမှုများပြုလုပ်နေပြီဖြစ်သည်။
အပျက်အစီးများကို စက်ယန္တရားကြီးများဖြင့်ဖယ်ရှားပြီးရှာဖွေခဲ့သော်လည်း လူ ၆၀ ခန့်ပျောက်ဆုံးနေဆဲဖြစ်သည်။ အသက်ရှင်ကျန်ရစ်သူများကို တစ်အိမ်တက်တစ်အိမ်ဆင်းဆက်လက်ရှာဖွေမည်ဖြစ်ကြောင်း အာဏာပိုင်များကပြောဆိုခဲ့သည်။
အင်အားအကြီးအကျယ်စိုက်ရှာဖွေမှုများကိုပြုလုပ်နေပြီး အသက်ရှင်သူများစွာကျန်ရစ်ဦးမည်ဟု မျှော်လင့်ပါကြောင်း ရေကြီးမှုအများဆုံးရှိခဲ့သည့် ဒေသတစ်ခုဖြစ်သည့် အိုကာယာမစီရင်စုမှ အရာရှိ မတ်ဆုနာရီအီမာဝါကာကပြောဆိုခဲ့သည်။ အိုကာယာမာစီရင်စုတစ်ခုတည်းမှာပင် လူ ၁၈ ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။ စစ်သည်များအပါအဝင် ရှာဖွေကယ်ဆယ်ရေးသမားဒါဇင်ပေါင်းများစွာသည် စက်ယန္တရားကြီးများအကူအညီဖြင့် ကျောက်တုံးကြီးများကို ဖယ်ရှားနေပုံကို ရုပ်သံဌာနများကဖော်ပြခဲ့သည်။ ရှာဖွေကယ်ဆယ်ရေးသမားတချို့သည်လည်း အမှိုက်သရိုက်များကို ဂေါ်ပြားများဖြင့် ဖယ်ရှားပြီး အမှိုက်များအောက်တွင် ပျောက်ဆုံးနေသူများရှိမရှိကို ရှာဖွေလျက်ရှိနေသည်။
ဂျပန်၌ ဆယ်စုနှစ်သုံးခုအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူသေဆုံးမှုအများဆုံးရှိခဲ့ခြင်းဖြစ်ပြီး သေဆုံးသူဦးရေများပြားခြင်းကြောင့် အာဏာပိုင်များသည် ရာသီဥတုနှင့်ဆက်စပ်သော သဘာဝဘေးများအတွက် လုံလောက်အောင်ပြင်ဆင်မှုရှိမရှိနှင့်ပတ်သက်၍ မေးခွန်းထုတ်မှုများရှိလာခဲ့သည်။
သဘာဝဘေးစီမံခန့်ခွဲရေးမူဝါဒများကို ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း ဂျပန်အစိုးရ၏ပြောခွင့်ရှိသူ ယိုရှီဟီဒဲဆူဂါက ဇူလိုင် ၁၁ ရက်တွင်ပြောဆိုခဲ့သည်။ သေဆုံးသူဦးရေမြင့်မားလာသည့်အတွက် နိုင်ငံခြားခရီးစဉ်ကို ဖျက်သိမ်းခဲ့သည့် ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက သဘာဝဘေးဖြစ်ကတည်းက အကောင်းဆုံးလုပ်ဆောင်ပေးခဲ့ကြောင်း ဇူလိုင် ၁၁ ရက် အိုကာယာမခရီးစဉ်အတွင်းပြောဆိုခဲ့သည်။
ပြန်လည်ထူထောင်ရေးအတွက် ဒေါ်လာ သန်း ၂၀ ကိုလျာထားပြီးဖြစ်ကာ ပြန်လည်ထူထောင်ရေးဆောင်ရွက်မှုများအတွက် ဒေသဆိုင်ရာအစိုးရများအား ငွေကြေးအကူအညီပေးမည်ဖြစ်ကြောင်း အာဘေးကပြောဆိုခဲ့သည်။
မြေပြိုမှုနှင့် ရေကြီးရေလျှံမှုများကြောင့် နေအိမ်များကိုဆုံးရှုံးခဲ့သူ ၁၀ဝ၀ဝ ခန့်သည် ခိုလှုံရေးစခန်းများတွင် နေထိုင်နေရဆဲဖြစ်သည်။ နေအိ်မ်မပျက်စီးခဲ့သူများပင်လျှင် သောက်သုံးရေနှင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများနှင့် ရင်ဆိုင်နေရသည်။ အရေးပေါ်လိုအပ်မှုများရှိနေသည့် ရပ်ကွက်များသို့ စစ်ဘက်သုံးယာဉ်များဖြင့် သောက်သုံးရေများကို ပို့ဆောင်ပေးလျက်ရှိနေပြီး ရှင်းလင်းရေးနှင့် ငွေကြေးကူညီမှုများပြုလုပ်ရန် စေတနာ့ဝန်ထမ်းများစွာတို့က စာရင်းပေးထားပြီးဖြစ်သည်။
ပြန်လည်ထူထောင်နိုင်ရန် အချိန်မည်မျှကြာမြင့်မည်ကို မသိနိုင်ကြောင်း အိုကာယာမစီရင်စုမှ အရာရှိ အီမာဝါကာကပြောဆိုခဲ့သည်။



















