ဘရပ်ဆဲလ် ” အမေရိကန် သမ္မတဒေါ်နယ်ထရမ့်သည် မဟာမိတ်များနှင့် နှစ်ရက်ကြာထိပ်သီးဆွေးနွေးပွဲ၏ ပထမနေ့အတွက်ဘရပ်ဆဲလ်ရှိ နေတိုးဌာနချုပ်သို့ ရောက်ရှိလာသည်။
ထရမ့်က မဟာမိတ်နိုင်ငံများကို ကာကွယ်ရေးအတွက် အသုံးစရိတ်တိုးမြှင့်ရန်၊ နှစ်နိုင်ငံကာကွယ်ရေးပဋိညာဉ်ကို လိုက်နာရန်ပျက်ကွက်သည့် ဥရောပနိုင်ငံများကို လူသိရှင်ကြားဝေဖန်ပြောကြားရန် စီစဉ်ထားသည်။
မဟာမိတ်နိုင်ငံ ခေါင်းဆောင်များက၎င်းတို့ စုစည်းညီညွတ်စွာ အသင့်ရှိနေမှုနှင့်အာဖဂန်ရှိ နေတိုးတပ်ဖွဲ့များ အနာဂတ်နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးကို ဆွေးနွေးရန် စီစဉ်ထားသည်။
ထရမ့်သည် စည်းဝေးပွဲပြင်ပတွင် ဂျာမန်ဝန်ကြီးချုပ် အိန်ဂျလာမာကယ်၊ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ကရွန်တို့နှင့် တွေ့ဆုံရန်လည်း စီစဉ်ထားသည်။
၎င်း၏ နေတိုးခရီးစဉ်ကို စကားစစ်ထိုးမှုဖြင့်စတင်ကာ ထရမ့်က ရေနံပိုက်လိုင်းစီမံကိန်းကြောင့် ဂျာမနီသည် ရုရှား၏အချုပ်အနှောင်ခံဖြစ်ကာ လုံးဝထိန်းချုပ်ခံထားရပြီဟု ဇူလိုင် ၁၁ ရက်က ပြောကြားခဲ့သည်။ ထို့ပြင် မဟာမိတ်နိုင်ငံများ၏ကာကွယ်ရေးအသုံးစရိတ်ကိုင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
သမ္မတထရမ့်က နေတိုးအထွေထွေအတွင်းရေးမ·းချုပ် ယန်းစတိုလ်တင်ဘာ့ဂ်နှင့် အပြန်အလှန် ဆွေးနွေးရာတွင် အမေရိကန်က ဂျာမနီကို အကာအကွယ်ပေးနေစဉ်ရုရှားနှင့် သဘောတူညီမှုပြုလုပ်သည့် ကိစ္စရပ်ပါဝင်ခဲ့သည်။
"ဂျာမနီက ရုရှားနဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့သဘောတူညီချက်စာချုပ် ချုပ်ခဲ့တာ သိပ်ဝမ်းနည်းစရာပဲလို့ ကျွန်တော်ပြောရမှာပဲ။ ဂျာမနီကို ရုရှားရန်ကနေ ကာကွယ်ပေးဖို့ ကျွန်တော်တို့ကယူဆထားပေးမဲ့ သူတို့က ရုရှားကို ဒေါ်လာဘီလျံနဲ့ချီပြီး ပေးနေတာက သိပ် မသင့်တော်ဘူးလို့ ကျွန်တော်ထင်တယ်"ဟု စတိုလ်တင်ဘာ့ဂ်နှင့် နံနက်စာစားရင်း ထရမ့်က ပြောသည်။
ပိုလန်နှင့် ယူကရိန်းကဲ့သို့ အရှေ့ဥရောပနိုင်ငံများကို ဖြတ်သန်းကာ ဂျာမနီနိုင်ငံမြောက်ပိုင်း ဘောလ်တစ်ပင်လယ်ကမ်းခြေသို့ ရုရှားက သဘာဝဓာတ်ငွေ့များ ပို့ဆောင်ပေးသည့် နော့ဒ်စတင်းမ် ၂ ရေနံပိုက်လိုင်းကိစ္စကိုထရမ့်က ရည်ညွှန်းပြောကြားခြင်းဖြစ်သည်။ အဆိုပါ ပင်လယ်ရေအောက်ပိုက်လိုင်းကို အမေရိကန်နှင့် အချို့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ဆန့်ကျင်ကန့်ကွက်ကြကာ အဆိုပါ ပိုက်လိုင်းကြောင့် ရုရှားနိုင်ငံသည် အနောက်ဥရောပနိုင်ငံများကို သြဇာအရှိန်အဝါ ပိုမိုပေးမည်ကို သတိပေးပြောကြားခဲ့သည်။
နေတိုးအဖွဲ့ဝင်နိုင်ငံများသည် သဘောထားများကွဲပြားခြားနားသော်လည်း အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်မည်ဟု စတိုလ်တင်ဘာ့ဂ်က အလေးထားပြောကြားသည်။
ရုရှားသမ္မတ ပူတင်နှင့် နွေးထွေးသော ဆက်ဆံရေးရလိုသည့် ထရမ့်ထံက ထိုသို့ ဝေဖန်ချက်ထွက်ပေါ်လာခြင်းသည် ထူးထူးခြားခြားဖြစ်သည်ဟု ဝေဖန်သူများက ဆိုသည်။
ကွန်မြူနစ် အရှေ့ဂျာမနီတွင် ကြီးပြင်း ခဲ့သည့် မာကယ်က ထရမ့်၏ သဘောထား မှတ်ချက်ကို သီးခြားမဖော်ပြဘဲ ဇူလိုင် ၁၁ ရက်က သတင်းထောက်များကို ပြောကြား ရာ၌ "ဆိုဗီယက်ထိန်းချုပ်ထားတဲ့ ဂျာမနီ အစိတ်အပိုင်းမှာ ကျွန်မ အတွေ့အကြုံ ရှိပါတယ်။ အခု ဂျာမန် ဖက်ဒရယ် သမ္မတ နိုင်ငံအဖြစ်နဲ့ လွတ်လပ်စွာ စုစည်းနိုင်ခဲ့လို့ ကျွန်မ ပျော်ရွှင်ပါတယ်။ ကျွန်မတို့ ကိုယ်ပိုင် မူဝါဒကို ဆုံးဖြတ်နိုင်တယ်၊ ကိုယ်ပိုင်ဆုံးဖြတ် ချက်ကို ချနိုင်တယ်၊ အဲဒါ အင်မတန် ကောင်းတာပါပဲ"ဟု ပြောကြားခဲ့သည်။
ဒေါ်နယ်ထရမ့်သည် ဇူလိုင် ၁၁ ရက်မှာပင်ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကယ်နှင့် တွေ့ဆုံရန် စီစဉ်ထားသည်။

















