မြန်မာတိုင်းမ်အမှုဆောင်အရာရှိချုပ်ဟောင်း အပြည်ပြည်ဆိုင်ရာ မီဒီယာ အတိုင်ပင်ခံ သြစတေးလျနိုင်ငံသား မစ္စတာရော့စ်ဒန်ကလေ အပါအဝင် ၇ ဦးကို ထောင်ဒဏ် ၁၀ နှစ် နှင့်အထက်ချမှတ်နိုင်သည့် မူးယစ်ပုဒ်မ ခုဖြင့် အနောက်ပိုင်း ခရိုင် တရားရုံး တွင် ယနေ့ ပထမအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။
ယနေ့ ရုံးချိန်းတွင် အမှုတွင် မစ္စတာ ရော့စ်ဒန်ကလေနှင့် Go မီဒီယာ မန်နေးဂျင်း ဒါရိုက်တာဗြိတိန် နိုင်ငံသား Mr. Johan Stuaet Mckenzie တို့ ၏ ရှေ့နေများမှ အမှုလိုက်ပါခွင့် (ပါဝါ) တင်သွင်းခဲ့ကြသည်။
ဗဟန်းမြို့နယ်၊ သာသနာ့ ရိပ်သာရပ်ကွက်၊ စမ်းရေတွင်းလမ်းရှိ မြန်မာတိုင်းမ်အမှုဆောင်အရာရှိချုပ်ဟောင်းနှင့် လက်ရှိတွင် အပြည်ပြည်ဆိုင်ရာ မီဒီယာ အတိုင်ပင်ခံ အဖြစ် လုပ်ကိုင်နေသူ သြစတေးလျနိုင်ငံသား မစ္စတာ ရော့စ်ဒန်ကလေနှင့် Go မီဒီယာ မန်နေးဂျင်း ဒါရိုက်တာဗြိတိန်နိုင်ငံသား Mr. Johan Stuaet Mckenzie တို့ နေထိုင်သည့် အိမ်ကို မူးယစ်ဆေး ဝါးသတင်းအရ မူးယစ်တပ်ဖွဲ့ဝင်များနှင့်မြို့နယ်ရဲတပ်ဖွဲ့ဝင်များက ဇွန် ၆ ရက် ညပိုင်းက ဝင်ရောက်ရှာ ဖွေခဲ့သည်။
အဆိုပါ နေအိမ်အတွင်းမှ ICE ၂၆၅ ဂရမ်၊ WY အပြား ၇၀ဝ ခန့်၊ ဘိန်းဆီခဲ ၃ ခဲ၊ ဆေးခြောက် ၁၅ ဂရမ်၊ ဘိန်းဖြူ ဝ.၂ ဂရမ်အပါဝင် အခြားဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပြီး သက်ဆိုင်ရာက ဝင်ရောက်ဖမ်းဆီးစဉ်ရောက်ရှိနေသည့် မဟန်နီစိုး၊ မဟေမန်လွင် (ခ) နန္ဒာ၊ မသူဇာ၊ မဝင်းဝင်း၊ မနှင်းအိခိုင် (ခ) သော်တာ၊ ၄င်းအိမ်တွင် အိမ်အကူ အဖြစ် လုပ်ကိုင်နေသူ ဒေါ်တင် တင် ဝင်း၊ ခြံစောင့်အဖြစ် လုပ်ကိုင်နေသူ တူးတူး (ခ) စောမတ်သူးရှလ ဖမ်းဆီးကာ ဗဟန်းမြို့နယ် ရဲစခန်းက မယ(ပ) ၄၂/ ၁၈ ၊ မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က)၊ ပုဒ်မ ၂၀ (က) / ၂၁ အရ အမှုဖွင့် အရေးယူခဲ့သည်။
သက်ဆိုင်ရာက မူလ ဖမ်းဆီးထိန်းသိမ်းစစ် ဆေးမှုတွင် မစ္စတာ ရော့စ်ဒန်ကလေပါ ၉ ဦးဖြစ်သော်လည်း ဥပဒေအကြံပြုတောင်းခံစဉ် အမှုဖြင့်သက်ဆိုင်ခြင်း မရှိဟုဆို ကာ အိမ်အကူဒေါ်တင်တင်ဝင်း ခြံစောင့်အဖြစ် လုပ်ကိုင်နေသူ တူးတူး (ခ) စောမတ်သူးရှလ တို့ကို အနောက်ပိုင်းခရိုင်တရားရုံးက ဇူလိုင် ၆ ရက် လွှတ်ပေးခဲ့သည်။
ထို့နောက် မစ္စတာရော့စ်ဒန်ကလေပါ ခုနစ်ဦးကို အနောက်ပိုင်းခရိုင်တရားရုံးသို့ ၊ မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က)၊ ပုဒ်မ ၂၁ အရ ဇူလိုင် ၆ ရက်တွင် အနောက်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့သည်။
ယနေ့ တရားစွဲဆိုတင်ပို့ခဲ့သည့် မူးယစ်ဥပဒေပုဒ်မ ၁၉ (က)အရ မူးယစ်ဆေး ဝါး(သို့မဟုတ်) စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ရောင်းချရန် အလို့ငှာလက်ဝယ် ထားခြင်း၊သယ် ယူပို့ ဆောင်ခြင်း၊ တစ်ဆင့်ပေးပို့ခြင်း၊ လွှဲပြောင်းပေးခြင်းတို့ ကျူးလွန်ကြောင်း ပေါ်ပေါက်ပါက ထောင်ဒဏ် အနည်းဆုံး ၁၀ နှစ်၊ အများဆုံးနှစ်အကန့်အသတ်မရှိ ချမှတ်နိုင်သည်။
အမှုကိုလာမည့်ရုံးချိန်းကို ဇူလိုင် ၂၅ ရက်နေ့သို့ချိန်းဆိုထားကြောင်း တရားရုံးမှသိရသည်။

















