လူသားတို့၏ ရှေးဦးအမျိုးအနွယ်များထင်ထားသည်ထက်စောစွာ အာဖရိကမှ ထွက်လာခဲ့ကြကြောင်း တရုတ်တွင် တွေ့ရှိမှုအသစ်က ထောက်ပြနေ

လူသားတို့၏ ရှေးဦးအမျိုးအနွယ်များထင်ထားသည်ထက်စောစွာ အာဖရိကမှ ထွက်လာခဲ့ကြကြောင်း တရုတ်တွင် တွေ့ရှိမှုအသစ်က ထောက်ပြနေ

တရုတ်နိုင်ငံရှိရှေးဟောင်းသုတေသနတူးဖော်ရေးလုပ်ကွက်တစ်ကွက်တွင် နောက်ဆုံးတွေ့ရှိထားသောကျောက်လက်နက် အထောက်အထားများအရလူသားတို့၏ ရှေးဦးအမျိုးအနွယ်များသည် ထင်ထားသည်ထက်ပင် စောစွာအာဖရိကမှ ထွက်ခွာကာကမ္ဘာအနှံ့သို့ ဖြန့်ကျက်ရောက်ရှိခဲ့ကြကြောင်းသိရသည်။

လက်ရှိအချိန်အထိအာဖရိကအပြင်ဘက်တွင် အစောဆုံးတွေ့ရသည့် လူသားနှင့်ဆင်တူသောသက်ရှိများ၏ သက်သေခံအဖြစ် ဂျော်ဂျီယာနိုင်ငံမနီဆီမြို့၌ တူးဖော်ရရှိသည့် သက်တမ်း ၁ ဒသမ ၈ သန်းရှိအသုံးအဆောင်ပစ္စည်းများ ဖြစ်သည်။ သို့သော် ယခုနောက်ဆုံးတရုတ်တွင် တွေ့ရှိသည့် ကျောက်လက်နက်များကထို့ထက် နှစ်ပေါင်း နှစ်သိန်းငါးသောင်းကျော် စောနေကြောင်းသိရသည်။ နောက်ဆုံးတွေ့ရှိသည့် ပစ္စည်းများထဲတွင် ဓားကဲ့သို့ အသုံးပြုနိုင်ရန် သွေးထားသောကျောက်များ၊ တူအဖြစ် အသုံးပြုသည့် ကျောက်လက်နက်များပါဝင်သည်။

စုစုပေါင်းကျောက်လက်နက်ပစ္စည်း ၉၆ ခုကိုတရုတ်နိုင်ငံမြောက်ပိုင်းနှင့် တောင်ပိုင်းကိုကန့်လန့်ဖြတ်တည်ရှိသော ချင်လင်းတောင်တန်းများပေါ်ရှိလိုအက်ကုန်းမြင့်ဒေသတွင် တွေ့ရှိရခြင်း ဖြစ်သည်။ အချို့ ကျောက်လက်နက်များသည် သက်တမ်း ၂ ဒသမ ၁ သန်းထိရှိနေပြီဖြစ်ကြောင်း“သဘာဝဂျာနယ်”တွင် ဖော်ပြထားသည့် လေ့လာမှုအစီရင်ခံစာကဆိုသည်။

“အရမ်းကိုစိတ်လှုပ်ရှားမိပါတယ်”ဟုလေ့လာမှုအဖွဲ့ကိုဦးဆောင်ခဲ့သည့် ကွမ်ကျိုးဘူမိဓာတုသိပ္ပံမှ ပါမောက္ခ ကျိုယူ ကျူက ပြောသည်။  “ဒီတွေ့ရှိချက်ကြောင့် လူသားတို့ရဲ့ ရှေးဦးမျိုးနွယ်တွေဟာအာဖရိကကနေထင်ထားတာထက်ကိုပိုစောပြီးထွက်လာကြတာပိုသေချာသထက် သေချာလာပါပြီ”ဟုလေ့လာမှုတွင် မပါဝင်သော ဂျာမနီနိုင်ငံဂျန်နာမြို့ရှိမက်ပလန့်သိပ္ပံမှ လူသားမျိုးနွယ်သမိုင်းဆိုင်ရာသုတေသီ မိုက်ကယ် ပီထရာလီယာကလည်းထောက်ခံပြောကြားသည်။