အမေရိကန်မှ အက်ဖ် ၁၆ တိုက်လေယာဉ်များဝယ်ယူရန် ဆလိုဗားကီးယားအတည်ပြု

အမေရိကန်မှ အက်ဖ် ၁၆ တိုက်လေယာဉ်များဝယ်ယူရန် ဆလိုဗားကီးယားအတည်ပြု

ဆလိုဗားကီးယားအစိုးရသည် ကာကွယ်ရေးဝန်ကြီးဌာနက အမေရိကန်ပြည်ထောင်စုမှ အက်ဖ် ၁၆ တိုက်လေယာဉ်များ ဝယ်ယူရန် အစီအစဉ်ကို သဘောတူခွင့်ပြုလိုက်ပြီဖြစ်သည်။

အမေရိကန်လုပ် အက်ဖ် ၁၆ ဘလော့ ၇၀/၇၂ ဂျက်တိုက်လေယာဉ် ၁၄ စီးဖြင့် ဆလိုဗားကီးယား လေတပ်တွင် အသုံးပြုနေသည့် ဆိုဗီယက်လုပ် မစ် ၂၉ တိုက်လေယာဉ်များနေရာတွင် အစားထိုးမည်ဖြစ်သည်။

အက်ဖ် ၁၆ များနှင့်အတူ ဆွီဒင်လုပ် ဂျေအေအက်စ် ၃၉ စီဒီ ဂရစ်ပင်တိုက်လေယာဉ်များကိုပါ စဉ်းစားခဲ့ပြီး အက်ဖ် ၁၆ ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ယင်းအတွက် အမေရိကန်၏ကမ်းလှမ်းချက်သည် ရှုထောင့်စုံအရ ပိုမိုသင့်တော်ပြီး အကောင်းဆုံးအဖြေ ဖြစ်ဖွယ် ရှိကြောင်း ဆလိုဗားကီးယားကာကွယ်ရေးဝန်ကြီး ပီတာ ဂက်ဂျ်ဒိုစ်က ပြောဆိုသည်။ အက်ဖ် ၁၆ များ လွှဲပြောင်းရရှိမည့် အချိန်ကိုမူ မသိရသေးချေ။ အမေရိကန်တိုက်လေယာဉ်များနှင့်၊ လက်နက်ခဲယမ်းများ၊ လေ့ကျင့်ရေးနှင့် နှစ်နှစ်တာထောက်ပံ့ရေးအတွက် အစိုးရသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၆ ဘီလီယံ ကျခံသွားမည်ဖြစ်ကြောင်း ဆလိုဗားကီးယားဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။