လူမှုမီဒီယာအသုံးပြုမှုအပေါ် အခွန်ကောက်သည့်ကိစ္စ ယူဂန္ဓာလွှတ်တော် ပြန်သုံးသပ်မည်

လူမှုမီဒီယာအသုံးပြုမှုအပေါ် အခွန်ကောက်သည့်ကိစ္စ ယူဂန္ဓာလွှတ်တော် ပြန်သုံးသပ်မည်

ယူဂန္ဓာနိုင်ငံတွင် လူမှုမီဒီယာအသုံးပြုမှု၊ ဖုန်းဖြင့် ငွေလွှဲမှုများမှ အခွန်ကောက်မည့် ဥပဒေကိုအများပြည်သူကကန့်ကွက်မှုများပေါ်ပေါက်လာသဖြင့် လွှတ်တော်တွင် ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်းသိရသည်။

အခွန်ဥပဒေသစ်ကို ဆန္ဒပြမှုများဖြစ်ပွားပြီးရဲနှင့် ဆန္ဒပြသူများကြားအပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက်တွင် ဥပဒေကို ပြန်သုံးသပ်မည်ဖြစ်ကြောင်းဝန်ကြီးချုပ် ရူဟာကာနာ ရူဂန်ဒါကကြေညာခဲ့ခြင်းဖြစ်သည်။ နိုင်ငံ့ဝင်ငွေ တိုးတက်လာစေရန်နှင့် WhatsApp ၊ Facebook ၊ Twitter တို့ပေါ်တွင် အတင်းအဖျင်းများ၊ သတင်းတုများပျံ့နှံ့နေခြင်းကိုလျှော့ချနိုင်ရန်အတွက် သမ္မတယိုဝါရီမူဆာဗာနီကအခွန်တိုးကောက်ခြင်းကိုထောက်ခံထားသည်။ အတိုက်အခံ နိုင်ငံရေးသမားများကမူအသက် ၇၅ နှစ်အရွယ် သမ္မတသည် ဆိုရှယ်မီဒီယာအခွန်ဥပဒေကိုအသုံးချကာ ပြိုင်ဘက်များကိုအကျပ်တွေ့အောင် လုပ်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟုဝေဖန်လျက်ရှိသည်။

လစဉ် လူမှုမီဒီယာခွန်အဖြစ် ဆိုရှယ်မီဒီယာသုံးသောယူဂန္ဓာနိုင်ငံသားတစ်ဦးချင်းစီသည် ယူဂန္ဓာသျှီလင် ၂၀ဝ (ဝ ဒသမ ဝ၅) ဒေါ်လာပေးဆောင်ရမည်ဖြစ်သည်။ ထိုပမာဏသည် မပြောပလောက်သောပမာဏသာ ဖြစ်သော်လည်းဆင်းရဲနွမ်းပါးသူများကိုမငဲ့ညှာရာရောက်ကြောင်းအတိုက်အခံများကဆိုနေကြသည်။ ထို့အပြင် ဖုန်းနှင့်ငွေလွှဲသည့် ပမာဏ၏ ၁ ရာခိုင်နှုန်းကိုလည်းအစိုးရကအခွန်ကောက်ခံမည်ဖြစ်သည်။ ဇူလိုင် လဆန်းပိုင်းကစတင်ကာဆိုရှယ်မီဒီယာခွန် သက်ရောက်ခဲ့သည်။ လူမှုမီဒီယာခွန်ဖြင့် အစိုးရသည် ဘဏ္ဍာငွေ မည်မျှရရှိရန် မှန်းထားကြောင်းကိုမူထုတ်ပြန်ခြင်းမရှိသေး။

အချို့သောဆိုရှယ်မီဒီယာသုံးသူများသည် အခွန်ရှောင်လိုသဖြင့် VPN ကြားခံကွန်ရက်များအကူအညီဖြင့် လူမှုမီဒီယာများအသုံးပြုနေကြကြောင်းလည်းသိရသည်။ အများပြည်သူကန့်ကွက်မှုများကြောင့် လူမှုမီဒီယာအခွန်ကိစ္စကိုအစိုးရအဖွဲ့သည် ပြန်လည်သုံးသပ်နေကာ ပြင်ဆင်ချက်ကိုဇူလိုင် ၁၉ တွင် လွှတ်တော်သို့ တင်သွင်းကာ ပြန်လည်သုံးသပ်မှု ခံယူသွားမည်ဖြစ်ကြောင်းဝန်ကြီးချုပ် ရူဂန်ဒါကပြောသည်။