နီကာရာဂွာနိုင်ငံ၌ လေးလကြာမြင့်နေပြီဖြစ်သည့် အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများအတွင်း အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်များ၏နှိမ်နင်းမှုကြောင့် သေဆုံးသူဦးရေသည် ၂၆၄ ဦးအထိရှိသွားပြီဖြစ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာအမေရိကန်နိုင်ငံများကော်မရှင်( အိုင်အေစီအိပ်ချ်အာရ်) က ဇူလိုင် ၁၁ ရက် အနှောင်းပိုင်းတွင်ပြောဆိုခဲ့သည်။
နှိမ်နင်းမှုများစတင်ချိန်ကတည်းက လူ ၂၆၄ ဦးသေဆုံးခဲ့ပြီး ၁၈၀ဝ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ကော်မရှင်အကြီးအကဲ ပေါ်လိုအာဘရောင်က အမေရိကန်နိုင်ငံများအဖွဲ့၏အစည်းအဝေးတွင် ပြောဆိုခဲ့သည်။ သမ္မတဒယ်နီယယ်အော်တီဂါ နုတ်ထွက်ပေးရန် ဆန္ဒပြကာ တောင်းဆိုနေကြခြင်းဖြစ်သည်။
မတည်ငြိ်မ်မှုများအဆုံးသတ်သွားရေးအတွက် သြဇာကြီးမားသော ရိုမန်ကက်သလစ်ဘုရားကျောင်းသည် အော်တီဂါ၏အစိုးရနှင့် အတိုက်အခံများကြား ကြားဝင်စေ့စပ်ပေးနေသော်လည်း စေ့စပ်ပေးမှုများမအောင်မြင်ဘဲ အကြမ်းဖက်မှုများဆက်လက်ဖြစ်ပွားလျက်ရှိနေသည်။ နိုင်ငံအနောက်တောင်ပိုင်းရှိ အတိုက်အခံများကြီးစိုးသော မာဆာယာ၌ လွန်ခဲ့သောအပတ်တွင် အစိုးရလိုလားသောလူတစ်စု၏တိုက်ခိုက်မှုကြောင့် လူ ၁၄ ဦးသေဆုံးခဲ့သည်။ အော်တီဂါကို ပိုမိုဖိအားပေးရန်အတွက် ဇူလိုုင် ၁၂ ရက်မှစ၍ အထွေထွေသပိတ်မှောက်ရန် အတိုက်အခံများက စီစဉ်နေပြီဖြစ်သည်။
ဆန္ဒပြအရပ်သားများကို နှိမ်နင်းရာတွင် နီကာရာဂွာစစ်တပ်သည် စစ်ဘက်ဆိုင်ရာကိရိယာများကို အသုံးပြုနေကြောင်း နီကာရာဂွာလူ့အခွင့်အရေးအဖွဲ့( အေအင်န်ပီဒီအိပ်ချ်) က ဇူလိုင် ၁၁ ရက်တွင် ပြောဆိုခဲ့သည်။ စစ်သည်များသည် အရပ်သားများအား လောင်ချာအငယ်စားများ၊ အော်တိုမက်တစ်သေနတ်များကို အသုံးပြုနေမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးပေးရန် စစ်တပ်ကို အဖွဲ့က တောင်းဆိုထားသည်။
၁၉၉၀ ပြည့်နှစ်တွင် သမ္မတရွေးကောက်ပွဲရှုံးနိမ့်ခဲ့ပြီးနောက် အော်တီဂါသည် ၂၀ဝ၇ ခုနှစ်တွင် ပြန်လည်ရွေးကောက်ခံခဲ့ရသော်လည်း အော်တီဂါနှင့် ၎င်း၏ဇနီးဖြစ်သလို ဒုတိယသမ္မတလည်းဖြစ်သည့် ရိုဆာရီယိုမူရီလိုတို့သည် အာဏာရှင်ဆန်ဆန်အုပ်ချုပ်နေကြောင်း အတိုက်အခံများက စွပ်စွဲပြောဆိုခဲ့သည်။

















