နေတိုးအဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်သုံးစရိတ်ကိုဂျီဒီပီ၏ ၄ ရာခိုင်နှုန်းထိ မြှင့်တင်အသုံးပြုရေးအမေရိကန်သမ္မတဒေါ်နယ်ထရမ့်က နှိုးဆော်လိုက်ကြောင်းသိရသည်။ လက်ရှိပမာဏထက် နှစ်ဆတိုးသုံးရန် ဆော်ဩလိုက်ခြင်း ဖြစ်သည်။
ဘရပ်ဆဲတွင် ကျင်းပသည့် အနောက်တိုင်းစစ်ဘက်မဟာမိတ်များအစည်းအဝေးတွင် သမ္မတထရမ့်က မှတ်ချက်ပေးပြောကြားခဲ့ခြင်းဖြစ်ကြောင်းအိမ်ဖြူတော်ကလည်းအတည်ပြုသည်။ သမ္မတထရမ့်သည် အထူးသဖြင့် ဂျာမနီကိုအဓိကထားကာစစ်သုံးစရိတ် တိုးမြှင့်သုံးစွဲရေးဖိအားပေးပြောဆိုခဲ့ကြောင်းသိရသည်။ နေတိုးအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် ယာန်းရှတော်တန်ဘာ့ကမူလက်ရှိအခြေအနေအရအဖွဲ့ဝင်နိုင်ငံအားလုံးဂျီဒီပီ၏ ၂ ရာခိုင်နှုန်းစီတပြေးညီစစ်သုံးစရိတ် သုံးစွဲနိုင်အောင် ကနဦးဆောင်ရွက်သွားမည်ဟုပြောသည်။
သမ္မတထရမ့်၏ မှတ်ချက်စကားနှင့် ပတ်သက်ပြီးမစ္စတာရှတော်တန်ဘာ့က တစ်စုံတစ်ရာမှတ်ချက်ပေးခြင်းမရှိ။ နေတိုးအဖွဲ့ဝင်နိုင်ငံအားလုံးဂျီဒီပီ ၂ ရာခိုင်နှုန်းကိုစစ်သုံးစရိတ်အဖြစ် တပြေးညီအသုံးပြုဖြစ်သည့်အခြေအနေရောက်အောင် ဦးစွာဆောင်ရွက်ဦးမည်ဟုသာပြောကြားသည်။
စစ်အေးကာလနောက်ပိုင်းဒေသတွင်းတင်းမာမှုများလျော့ကျလာသဖြင့် နေတိုးအဖွဲ့သည် စစ်သုံးစရိတ်များကိုလျှော့ချထားခဲ့ခြင်းဖြစ်သည်။ ဥရောပနိုင်ငံများအနေဖြင့် ဥရောပမြေကိုကာကွယ်ရန် စစ်သုံးစရိတ်ကိုကိုယ့်အိတ်ထဲကပိုစိုက်ထုတ်သုံးစွဲရန် အချိန်အခါ ကျရောက်နေပြီဖြစ်ကြောင်း၊ အမေရိကန်တပ်များဥရောပတွင် ချထားရန်အတွက် အမေရိကန်အခွန်ထမ်းပြည်သူများကစစ်စရိတ်အတွက်ပါ ဝန်ထုပ်ထမ်းနေရသည်မှာအဓိပ္ပါယ်မရှိလှကြောင်းဖြင့် အမေရိကန်သမ္မတအဆက်ဆက်ကပြောကြားခဲ့ကြပြီးသမ္မတထရမ့်မူကားအားမနာတမ်းအပြောဆုံးသမ္မတအဖြစ် မှတ်တမ်းဝင်သည်။
ဘရပ်ဆဲအစည်းအဝေးပြီးလျှင် သမ္မတထရမ့်သည် ဖင်လန်နိုင်ငံ မြို့တော် ဟယ်ဆင်ကီတွင် ရုရှားသမ္မတဗလာဒီမာပူတင်နှင့်လည်းတွေ့ဆုံရန် စီစဉ်ထားသည်။

















