အမေရိကန်ပြည်တွင်း၌ လုပ်ငန်းများ ပြန်လုပ်ကိုင်ခွင့်ရရန် ZTE နီးစပ်လာ

အမေရိကန်ပြည်တွင်း၌ လုပ်ငန်းများ ပြန်လုပ်ကိုင်ခွင့်ရရန် ZTE နီးစပ်လာ

တရုတ် နည်းပညာအင်အားကြီးကုမ္ပဏီ ZTE အနေဖြင့် အမေရိကန်အာဏာပိုင်များနှင့် သဘောတူစာချုပ် ချုပ်ဆိုလိုက်နိုင်ပြီဖြစ်သောကြောင့် အမေရိကန်ပြည်တွင်းဈေးကွက်သို့ ပြန်လည်ဝင်ရောက်ရန် လမ်းပွင့်သွားပြီဖြစ်ကြောင်းသိရသည်။

ZTE ဘက်ကအာမခံငွေ ဒေါ်လာသန်း ၄၀ဝ ပေးသွင်းပြီးသည်နှင့် အမေရိကန် စက်မှုနှင့် လုံခြုံရေးဌာနကတားမြစ်မိန့် ရုပ်သိမ်းကြောင်းကြေညာချက် ထုတ်ပေးမည်ဖြစ်ပြီးအမေရိကန်ပစ္စည်းများကို ZTE သည် တဖန်ပြန်လည် ဝယ်ယူခွင့် ရရှိမည်ဖြစ်ကြောင်းအမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာနကပြောသည်။အီရန်နှင့် မြောက်ကိုရီးယားကိုအမေရိကန်ကစီးပွားဆန်ရှင် ချမှတ်ထားသည်ကို ZTE က ကျူးလွန်ဖောက်ဖျက်ကာထိုနှစ်နိုင်ငံနှင့် ကုန်သွယ်ခဲ့မှုဖြင့် ZTE အားအမေရိကန်နည်းပညာပစ္စည်းများဝယ်ယူခွင့် ပိတ်ပင်ထားခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ပိတ်ပင်ချိန်သည် အမေရိကန်နှင့် တရုတ် ကုန်သွယ်ရေးတင်းမာမှုများ မြင့်တက်နေချိန်နှင့်လည်းတိုက်ဆိုင်လျက်ရှိသည်။

ZTE သည် တရုတ်တွင် ဒုတိယအကြီးဆုံးတယ်လီကွမ်းလုပ်ငန်းဖြစ်ပြီးအမေရိကန်နည်းပညာပစ္စည်းများအပေါ် အဓိကမှီခိုလည်ပတ်နေရသဖြင့် တားမြစ်မိန့်ကြောင့် ZTE လုပ်ငန်းအများအပြားအကျပ်ရိုက်ခဲ့ရသည်။ တရုတ်သမ္မတရှီကျင့်ဖျင်က ကြားဝင်ကာ ZTE အားအရေးယူထားမှုကို ပြန်လည်စဉ်းစားပေးရန် စေ့စပ်ပေးခဲ့မှုကြောင့် ZTE အနေဖြင့် ဒဏ်ကြေးဒေါ်လာသန်းတစ်ထောင်ပေးဆောင်ကာ၊ အမေရိကန်ဘက်ကရွေးချယ်ပေးသောစောင့်ကြည့်ရေးအဖွဲ့ကိုခန့်ထားပြီး၊ ဘုတ်အဖွဲ့ကိုလည်းအမေရိကန်အလိုကျ ပြုပြင်ပြောင်းလဲခဲ့သည်။ နောက်ဆုံးအဆင့်အဖြစ် အနာဂတ်တွင် အလားတူ ချိုးဖောက်မှုများမလုပ်စေရန် အာမခံကြေးဒေါ်လာသန်း ၄၀ဝ ပေးသွင်းပြီးနောက်တွင် အမေရိကန်ဘက်ကကုန်သွယ်ရေး ပြန်လည်ခွင့်ပြုပေးရန် သဘောတူခဲ့သည်။