ထိုင်းမြောက်ပိုင်းရှိ ရေလွှမ်းမိုးနေသည့် ထမ့်လွမ်ဂူတွင်း၌ ၁၈ ရက်ကြာပိတ်မိနေခဲ့ပြီး ကယ်ထုတ်ခြင်းခံခဲ့ရသည့် တောဝက်ဘောလုံးအသင်းမှ ယောကျာ်းလေး ၁၂ ဦးနှင့် ဘောလုံးနည်းပြတို့ကို ချင်းရိုင်ပရာချာနူခရိုဆေးရုံရှိ သီးသန့်ဆောင်၌ထားရှိကာ ကုသပေးနေပြီး ဇူလိုင် ၁၂ ရက်တွင် ယောကျာ်းလေးများသည် အခြေအနေကောင်းမွန်ကြောင်း လက်ဟန်ခြေဟန်ဖြင့် မှန်တံခါးအပြင်ဘက်ရှိ မိဘဆွေမျိုးများအား အသိပေးခဲ့သည်။
ယောကျာ်းလေးများနှင့် ဘောလုံးနည်းပြတို့၏ ရုပ်နှင့်စိတ်ကျန်းမာရေးအတွက် စိုးရိမ်စရာမရှိကြောင်း ချင်းရိုင်ပရာချာနူခရိုဆေးရုံ၏အကြီးအကဲ ချိုင်ဝက်ချ်သာနာပိုင်ဆယ်က ပြောဆိုခဲ့သည်။ ယောကျာ်းလေးများနှင့် နည်းပြတို့ကို ဆေးရုံတွင် တစ်ပတ်ကြာထားရဦးမည်ဖြစ်ကာ ယင်းနောက်တွင် နေအိမ်တွင် ရက် ၃၀ ကြာ အနားယူစေမည်ဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။
ဂူတွင်းမှ ယောကျာ်းလေးများကို ကယ်ထုတ်နိုင်ခြင်းသည် တစ်သက်လျှင် တစ်ကြိမ်သာ လုပ်နိုင်သည့် ကယ်တင်မှုဖြစ်ကြောင်း ကယ်ဆယ်ရေးတွင် ပါဝင်ခဲ့သည့် အမေရိကန်နိုင်ငံသားတစ်ဦးကပြောဆိုခဲ့သည်။ ကလေးအားလုံး အသက်ရှင်ခြင်းမှာ အင်မတန်ရှားတောင့်ရှားပါးအခြေအနေဖြစ်ပြီး အထူးပင်စွန့်စားခဲ့ရကြောင်း ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းရှိ အမေရိကန်လေတပ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးကျွမ်းကျင်သူ အသက် ၃၂ နှစ်အရွယ် ဒါးရက်အန်ဒါဆင်ကပြောဆိုခဲ့သည်။ အသက် ၁၁ မှ ၁၆ အရွယ်ထိပါဝင်သည့် ယောကျာ်းလေးများသည် အနိုင်မခံအရှုံးမပေးသူများဖြစ်ပြီး အသက်ရှင်လိုစိတ်ပြင်းပြသူများဖြစ်ကြကြောင်း ၎င်းကပြောဆိုခဲ့သည်။
ကျောင်းသားငယ်များကို ကယ်တင်ခဲ့ရသည့် ဂူကို ပြတိုက်အဖြစ်ပြောင်းလဲမည်ဖြစ်ကြောင်း ရှာဖွေကယ်ဆယ်ရေးအရာရှိများကပြောဆိုခဲ့သည်။ ထို့ပြင် ကယ်ဆယ်ရေးလုပ်ဆောင်မှုကို ရုပ်ရှင်အဖြစ် အသက်သွင်းရန် ကုမ္ပဏီနှစ်ခုက နည်းလမ်းရှာဖွေနေပြီဖြစ်သည်။ ထမ့်လွမ်ဂူသည် ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်မှုကို ပြသမည့် ပြတိုက်တစ်ခုဖြစ်လာမည်ဖြစ်ပြီး ခရီးသွားများကို စွဲဆောင်မည့်နေရာတစ်ခုဖြစ်လာလိမ့်မည်ဖြစ်ကြောင်း ချင်းရိုင်ခရိုင်ယာယီအုပ်ချုပ်ရေးမှူးဖြစ်သလို ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်လည်းဖြစ်သည့် နာရွန်ဆက်အော်ဆော့တာနာခွန်းကပြောဆိုခဲ့သည်။
သို့သော် ခရီးသွားများလုံခြုံရေးအတွက် ဂူတွင်းနှင့်ဂူပြင်တို့တွင် ဘေးအန္တရာယ်ကြိုတင်ကာကွယ်မှုများကို ပြုလုပ်ရမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာက သတိပေးပြောဆိုခဲ့သည်။ ယောကျာ်းလေးများနှင့် နည်းပြတို့ကို အပြင်သို့ကယ်မထုတ်နိုင်မီမှာပင် အမေရိကန်ရုပ်ရှင်ကုမ္ပဏီတစ်ခုဖြစ်သည့် Pure Flix သည် ရုပ်ရှင်အတွက် ကယ်ဆယ်ရေးသမားများကို တွေ့ဆုံမေးမြန်းမှုများပြုလုပ်ခဲ့သည်။
လော့စ်အန်ဂျလိစ်အခြေစိုက် Ivanhoe Pictures ရုပ်ရှင်လုပ်ငန်းကလည်း ရုပ်ရှင်ရိုက်ကူးရန် ၎င်းတို့အား ထိုင်းအစိုးရနှင့် ရေတပ်တို့က တာဝန်ပေးထားပြီးဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ သို့သော် အမေရိကန်ရုပ်ရှင်လုပ်ငန်းများက ရိုက်ကူးမည်ဖြစ်သောကြောင့် နိုင်ငံတကာကိုဦးစားပေးပြီး ထိုင်းနိုင်ငံသားကယ်ဆယ်ရေးသမားများ၏ကြိုးပမ်းမှုကို လျှော့ပေါ့ဖော်ပြမည်ကို စိုးရိမ်မှုများရှိနေသည်။


















