ကယ်ဆယ်ရေးသမားများနှင့် ကရုဏာရှင်များ၏ ကြိုးပမ်းမှုဖြင့် ထိုင်းလူငယ်များကို ကယ်တင်နိုင်

ကယ်ဆယ်ရေးသမားများနှင့် ကရုဏာရှင်များ၏ ကြိုးပမ်းမှုဖြင့် ထိုင်းလူငယ်များကို ကယ်တင်နိုင်

မယ်ဆိုင် (ထိုင်း) - "အားလုံး လုံခြုံစိတ်ချရပါပြီ"ဆိုသော စကားလုံးသုံးလုံး ဖေ့စ်ဘွတ်ခ်ပေါ်တင်ကာ ထိုင်းနိုင်ငံမြောက်ပိုင်း ရေလွှမ်းနေသည့်လိုဏ်ဂူထဲတွင် သောင်တင်နေသည့် လူငယ် ၁၂ ဦးနှင့် ၎င်းတို့၏ ဘောလုံးနည်းပြကို ကယ်ထုတ်သည့် ခရီးစဉ်ကိုအဆုံးသတ်လိုက်ပါပြီ။

အဆိုပါ ၁၈ ရက်ကြာ အလွန်ခက်ခဲပင်ပန်းသည့် ကယ်ဆယ်ရေးအစီအစဉ်တွင် အတွေ့အကြုံရှိသော ထိုင်းရေငုပ်သမားတစ်ဦး အသက်ပေးဆပ်ခဲ့ရသည်။ လူငယ် ၁၃ ဦး ကယ်ဆယ်ရေးမှာနိုင်ငံတကာက အာရုံစိုက်ခံရသော အရေးကိစ္စဖြစ်ခဲ့သည်။ အနည်းဆုံး ခြောက်နိုင်ငံက ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင်ရေငုပ်သမားများက အစောပိုင်းက မဖြစ်နိုင်ဟု စိုးရိမ်နေခဲ့သည့် ကယ်ဆယ်ရေးခရီးစဉ်ကို ဇူလိုင် ၁၀ ရက်က အဆုံးသတ်ကာ ဂူအတွင်း နှစ်ပတ်ကျော်ကြာ သောင်တင်နေသည့် လူငယ် ၁၃ ဦးကို အန္တရာယ်ကင်းစွာဖြင့် လိုဏ်ဂူကြီးအပြင်ဘက်သို့ ကယ်ထုတ်ခဲ့ကြသည်။

"ကျွန်တော်တို့ ကလေးအားလုံးကို ကယ်တင်ခဲ့ပါပြီ"ဟု ချင်းရိုင်ပြည်နယ် အုပ်ချုပ်ရေးမ·းနှင့် အဆိုပါကယ်ဆယ်ရေးလုပ်ငန်းကို တာဝန်ယူကြီးကြပ်သူ နာရွန်ဆပ်အိုဆာတာနာကွန်က ပြောကြားရာ စေတနာ့ဝန်ထမ်းများနှင့် သတင်းသမားများက ဝမ်းသာပျော်ရွှင်စွာ လက်ခုပ်သြဘာပေးခဲ့ကြသည်။ "မဖြစ်နိုင်တဲ့ ခရီးစဉ်တစ်ခုကို အောင်မြင်ခဲ့ပါပြီ။ ဒါဟာ အံ့သြဖွယ်ရာလား၊ သိပ္ပံနည်းကျလား၊ ဘာလဲဆိုတာ ကျွန်တော်တို့ သေချာမသိဘူး"ဟု Thai Navy SEAL က ဖေ့စ်ဘွတ်ခ်တွင် ရေးသားခဲ့သည်။

ဇူလိုင် ၈ ရက်တွင် တာဝန်ရှိသူများက ကလေးများ အခြေအနေ ကောင်းမွန်ကြောင်းပြောကာ နောက်ထပ် အချိန်စောင့်ဆိုင်းရန် မသင့်ကြောင်းဆုံးဖြတ်ပြီးကယ်ဆယ်ရေးကို စတင်ခဲ့သည်။ ကလေးများကို အုပ်စုများခွဲကာ ပထမနေ့တွင် လေးဦး၊ ဒုတိယနေ့တွင် လေးဦးနှင့် တတိယနေ့တွင် နည်းပြအပါအဝင် ငါးဦးကို ကယ်ထုတ်ခဲ့သည်။ ကလေးများအားလုံး ကယ်ထုတ်ပြီးစီးကြောင်း ထုတ်ပြန်ကြေညာပြီးနောက် မကြာမီတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်းရေတပ်အထူးကွန်မန်ဒိုတပ်ဖွဲ့  (Navy SEAL) နှင့် ကယ်ဆယ်ရေးလုပ်ငန်းပါဝင်ဆောင်ရွက်သူအားလုံးကို ချီးကျူးဂုဏ်ပြုကြောင်း တွစ်တာတွင်ဖော်ပြခဲ့သည်။

ဇူလိုင် ၈ ရက်က ကယ်ဆယ်ခဲ့သော ကလေးလေးဦးမှာ ပုံမှန်အစားအစာများ စားကာ လမ်းလျှောက်နိုင်ပြီး ဇူလိုင် ၉ ရက်က ကယ်ဆယ်ခဲ့သော ကလေးများမှာအစာပျော့များ စားနိုင်ပြီဖြစ်သည်။ နောက်ဆုံးအသုတ်ထွက်လာသူများထဲမှ တစ်ဦးမှာ ဆေးရုံသို့ရောက်ရှိပြီး အဆုတ်အနည်းငယ် အားနည်နေကာ ပထမအသုတ်မှ ကလေးနှစ်ဦးမှာလည်း အဆုတ်အားနည်း၍ ဆေးသောက်ရန် လိုအပ်သည်။ ကလေးများသည် ပျမ်းမျှကိုယ်အလေးချိန် နှစ်ကီလိုဂရမ်ကျသွားသည်ဟု ပြည်သူ့ကျန်းမာရေးအရာရှိ ထုံချိုင်းက ပြောသည်။ ကလေးများသည် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး စစ်ဆေးမှုခံယူရမည်ဟုလည်း ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက ပြောသည်။

လူငယ်ကလေးများသည် ဆေးရုံတွင် ခုနစ်ရက်ခန့်နေရပြီး ကျန်းမာရေးအခြေအနေ ပုံမှန်ပြန်ဖြစ်ပါက မကြာမီဆင်းနိုင်မည်ဟု ဆရာဝန်များက ဆိုသည်။ ယခုအချိန်ထိ ၎င်းတို့၏ မိသားစုများနှင့် မှန်အကာအရံမှတစ်ဆင့်သာ မြင်တွေ့နိုင်သည်။ နာမည်ကြီး ဘောလုံးအသင်းတစ်သင်းဖြစ်သည့် မန်ချက်စတာယူနိုက်တက်က ကယ်ဆယ်ရေးလုပ်ငန်း ပြီးဆုံးသည့်အတွက် စိတ်အေးကြောင်း ပြောကြားကာ ထိုင်းလူငယ်လေးများ၏ တောဝက်ဘောလုံးကစားသမားများနှင့်နည်းပြအပြင် ၎င်းတို့ကို ကယ်ဆယ်ခဲ့သူများကို ယခုရာသီတွင် ၎င်းတို့ အိမ်ကွင်း၌ ကစားမည့်ပွဲကို လာရောက်ကြည့်ရှုရန် ဖိတ်ကြားခဲ့သည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ကလည်း ဇူလိုင် ၁၅ရက် ရုရှားတွင်ကျင်းပမည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲနောက်ဆုံးဗိုလ်လုပွဲကို လာရောက်ကြည့်ရှုရန် ကလေးများကို ဖိတ်ကြားထားပြီးဖြစ်သည်။ သို့သော် လက်ရှိကုသပေးနေသည့် ဆရာဝန်များက လူငယ်ကလေးများ ခရီးထွက်ရန် အချိန်စောလွန်းနေသေးသည် ဆို၏။ လိုဏ်ဂူထဲမှ နောက်ဆုံးထွက်ခွာသည့် ကယ်ဆယ်ရေးသမား သြစတြေးလျဆရာဝန် ရစ်ချာ့ဒ်ဟားရစ်၏ ဖခင်ဖြစ်သူမှာ ၎င်းဂူထဲမှထွက်ပြီး မကြာခင် ဆုံးသွားခဲ့သည်ဟု သတင်းတစ်ရပ်က ဆိုသည်။ ဟားရစ်သည် ကလေး ၁၃ ယောက်ထဲမှ မည်သည့်ကလေးကို ဂူအပြင်သို့ အရင်ထုတ်မည်ကို ဆုံးဖြတ်ပေးသည့်သူဖြစ်သည်။ အဒဲလ်လိုင်ဒေးရှိ ၎င်းနေအိမ်သို့ မကြာခင်ပြန်မည်ဖြစ်သည်ဟု ဟားရစ်၏ အကြီးအကဲဖြစ်သူ ပိစ်က ပြောသည်။ ဟားရစ်၏ဖခင် မည်သည့်အကြောင်းကြောင့် သေဆုံးသည်ကို ဖော်ပြထားခြင်းမရှိပေ။ ထိုင်းဝန်ကြီးချုပ်က ကလေးများကို မေ့ဆေးပေးကာ ကယ်တင်ခြင်းမဟုတ်ဘဲ ၎င်းတို့ စိတ်မလှုပ်ရှားရန်၊ စိတ်ဖိစီးမှုမဖြစ်ရန် အန်ဇီအိုလက်တစ်ဆေးကိုသာ တိုက်ကျွေးခြင်းဖြစ်သည်ဟု ဆိုသည်။ ဝန်ကြီးချုပ်က အဆိုပါ ထမ့်လန်ဂူကို အချိန်ခေတ္တမျှပိတ်ထားမည်ဖြစ်ပြီး ဘေးအန္တရာယ်ကင်းရှင်းအောင်ပြုပြင်ရန်လိုအပ်ပြီး သို့မှသာ ကမ္ဘာလှည့်ခရီးသွားများ လာရောက်နိုင်သည့် နေရာဖြစ်နိုင်မည်ဟုလည်း ပြောကြားခဲ့သည်။