ဆန်ဖရန်စစ္စကို ” အသက် ၄၃ နှစ်အရွယ်ရှိ လန်ဒန်ဘရိဒ်သည် ဆန်ဖရန်စစ္စကိုမြို့၏ ပထမဆုံး လူမည်းအမျိုးသမီးမြို့တော်ဝန်အဖြစ် ဇူလိုင် ၁၁ ရက်တွင် မြို့တော်ခန်းမ၌ ဧည့်ပရိသတ် အနည်းဆုံး ၁,ဝ၀ဝ ကျော်ရှေ့မှောက်တွင် ကျမ်းသစ္စာကျိန်ဆိုမည်ဟု သိရသည်။
၎င်းသည် ဒီဇင်ဘာလအတွင်းက မမျှော်လင့်ဘဲ ကွယ်လွန်သွားခဲ့သောမြို့တော်ဝန် အက်ဒ်လီ၏ နေရာကို ဆက်ခံခြင်းဖြစ်သည်။ ဇွန်လအတွင်းက ကျင်းပခဲ့သော အထူးရွေးကောက်ပွဲတွင် လန်ဒန်ဘရိဒ် မြို့တော်ဝန်အဖြစ် ရွေးချယ်ခံရပြီး အက်ဒ်လီ၏ ကျန်သက်တမ်းကို တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။
ဘရိဒ်သည် ဆန်ဖရန်စစ္စကိုမြို့ဇာတိဖြစ်ပြီး အိုးမဲ့အိမ်မဲ့များ၏ တဲများ၊ စခန်းများ၊ မူးယစ်ဆေးဝါး အသုံးပြုသူများနှင့်အိမ်ရာဈေး အဆမတန်မြင့်မားမှု စသည့်ပြဿနာများကို ရင်ဆိုင်ဖြေရှင်းရန် ကတိပြုထားသည်။ ထို့ပြင် ဆင်းရဲသောအာဖရိကနွယ်ဖွား အမေရိကန်များနှင့် လူနည်းစု ကလေးသူငယ်များ အခွင့်အရေးရရှိရေးကိုလည်း ဆောင်ရွက်ပေးမည်ဟု ကတိပြုထားသည်။ လူထုအိမ်ရာတွင် ကြီးပြင်းလာခဲ့ရသောဘရိဒ်သည် သူ့ကို ကြီးပြင်းအောင်မွေးမြူခဲ့သောအဘွားထံမှ ချစ်ခြင်းမေတ္တာကို ရရှိခဲ့သူဖြစ်သည်။ ဘရိဒ်သည် ဒီမိုကရက် ပါတီဝင်တစ်ဦးဖြစ်ပြီး လူဦးရေ ၈၇၀,ဝ၀ဝ ခန့်ရှိပြီး အမေရိကန်မြို့ကြီးများအနက် လူမည်းရာခိုင်နှုန်းအနည်းဆုံးအဖြစ် ခြောက်ရာခိုင်နှုန်းသာရှိသော မြို့တွင်ကြီးပြင်းခဲ့သူဖြစ်သည်။ ယခုအခါ နှစ်စဉ် လစာငွေ ဒေါ်လာ ၃၃၅ç၉၉၆ ရရှိမည်ဖြစ်သည်။ ဘရိဒ်သည် လက်ရှိအခြေအနေတွင် ဆန်ဖရန်စစ္စကိုမြို့တော် ကြီးကြပ်ကွပ်ကဲရေးအဖွဲ့တွင် သုံးနှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

















