ရာသီဥတုဒဏ်ကြောင့် မွန်ဂိုလီးယား နေထိုင်မှုဘဝ ခဲယဉ်းလာ

ရာသီဥတုဒဏ်ကြောင့် မွန်ဂိုလီးယား နေထိုင်မှုဘဝ ခဲယဉ်းလာ

နေထိုင်မှုဘဝပုံစံသည် ယခုအခါ အန္တရာယ်များနှင့် ရင်ဆိုင်နေရသည်။ ကမ္ဘာ့ရာသီဥတု ပြောင်းလဲခြင်း၊ ဒေသတွင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း၊ အစိုးရ၏ လျစ်လျူရှုမှုနှင့် မျက်မှောက်ခေတ်၏ မက်လုံးစသည့်အကြောင်းရင်းများ ဆုံစည်းဖန်တီးမှုကြောင့်ဖြစ်သည်။

အော်တန်ဘူလက် (မွန်ဂိုလီးယား) - မွန်ဂိုလီးယားအလယ်ပိုင်း စတက်မြက်ခင်းဒေသတွင် ဆောင်းဥတုသည် အလွန်ပြင်းထန်ရာ အပူချိန်မှာ (-၅၀) ဒီဂရီ ဖာရင်ဟိုက်သို့ ကျဆင်းနေပြီး မြက်ခင်းများကို နှင်းများက ထူထပ်စွာ ဖုံးလွှမ်းနေသည်။ ခြောက်သွေ့သော နွေရာသီကြောင့် အင်အားချည့်နဲ့နေခဲ့ကြသော သိုးနှင့်ဆိတ်ကောင်ရေ တစ်သန်းကျော် သေဆုံးကုန်ကြပြီး လှည့်လည်သွားလာ နေထိုင်သည့် လူမျိုးများ၏ အဖိုးတန်မြင်းများသည် တရားလွန် အအေးဒဏ်ကြောင့် သေဆုံးကြရသည်။ ဂျင်ဂစ်ခန်နှင့် ၎င်း၏ မွန်ဂိုလူမျိုးတို့၏ ရှေးမွေးရပ်မြေဖြစ်သော အာရှအလယ်ပိုင်း စတက်မြက်ခင်းဒေသတွင် လှည့်လည်သွားလာနေထိုင်သူများအဖြစ် ဘဝကို ကြမ်းတမ်းခက်ခဲစွာ ဖြတ်သန်းပြီး ကြီးပြင်းလာခဲ့ကြသည်။

၎င်းတို့၏ နေထိုင်မှုဘဝပုံစံသည် ယခင်ကကဲ့သို့ မဟုတ်တော့ဘဲ ယခုအခါ အန္တရာယ်များနှင့် ရင်ဆိုင်နေရသည်။ ထိုသို့ဖြစ်ရခြင်းသည် ကမ္ဘာ့ရာသီဥတုပြောင်း လဲခြင်း၊ ဒေသတွင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း၊ အစိုးရ၏ လျစ်လျူရှုမှုနှင့် မျက်မှောက်ခေတ်၏ မက်လုံး စသည့်အကြောင်းရင်းများ ဆုံစည်းဖန်တီးမှုကြောင့်ဖြစ်သည်။

တိရစ္ဆာန်အုပ်ကို နေ့စဉ်ထိန်းကျောင်းသူ ထောင်ပေါင်းများစွာသည် ၎င်းတို့၏ ဘဝနေထိုင်မှုပုံစံကို စွန့်လွှတ်၍ မွန်ဂိုလီးယားမြို့တော် အူလန်ဘေတာသို့ ဦးတည်သွားနေကြသည်။ ထိုမြို့တော်တွင် နိုင်ငံ့လူဦးရေ၏ ထက်ဝက်ခန့်ဖြင့် ပြည့်ကျပ်နေသည်။ လှည့်လည်သွားလာနေထိုင်သည့် လူနေမှုဘဝပုံစံယဉ်ကျေးမှုသည် မွန်ဂိုလူမျိုးတစ်ဦး ဖြစ်ရခြင်း၏ အနှစ်သာရဖြစ်သည်။ သို့သော် ၎င်းသည် ဆိုဗီယက်ခေတ်ပုံစံ တစ်ပါတီစနစ် ကျင့်သုံးသောနိုင်ငံနှင့် အမိန့်ပေးခံစီးပွားရေးမှ ဖရိုဖရဲ ဒီမိုကရေစီနှင့် အချုပ်အချယ်ကင်း ဈေးကွက်စီးပွားရေးသို့ လည်းကောင်း၊ လှည့်လည်သွားလာနေထိုင်သည့် ယဉ်ကျေးမှုမှ အတည်တကျနေထိုင်သော ခေတ်မီမြို့ပြလူနေမှုဘဝသို့လည်းကောင်း ရုတ်တရက် ကူးပြောင်းလာသည့် နိုင်ငံဖြစ်နေသည်။ ရာသီဥတုပြောင်းလဲခြင်းသည် အဓိက တရားခံဖြစ်ပြီး ကုန်းမြေမြင့် လုံးဝ၀ိုင်းရံထားခံရကာ သမုဒ္ဒရာစိုး ရာသီဥတုအခြေအနေအရ မျှတအောင် ဖန်တီးပေးသော အကျိုးဆက်များနှင့် ဝေးနေရသည့် မွန်ဂိုလီးယားနိုင်ငံသည် ကမ္ဘာ့အခြားဒေသများထက် ပိုခံစားရသည်။ ခြောက်သွေ့သော နွေရာသီလွန်ပြီးနောက် ပြင်းထန်သော ဆောင်းဥတုလိုက်လာခြင်းသည် အန္တရာယ်အများဆုံး ဖြစ်ခဲ့ရသည်။

နွေရာသီ၌ နိုင်ငံအနှံ့ မြစ်များ၊ ရေအိုင်များနှင့် စမ်းရေတွင်းများ ရာပေါင်းများစွာ ခန်းခြောက်ကုန်ကြောင်း သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနကဆိုသည်။ ရေအရင်းအမြစ်များ ဆုတ်လာသောအခါ မွန်ဂိုလီးယားနိုင်ငံ၏ လေးပုံသုံးပုံသည် တစ်စတစ်စနှင့် သဲကန္တာရဖြစ်လာပြီး လေးပုံတစ်ပုံသည် အဆိုးရွားဆုံး ထိခိုက်ကြောင်း Climate Change and Development Academy ဦးဆောင် ညွှန်ကြားရေးမှူး ဒမ်ဒင် ဒက်ဗာဒေါ့ဂျ်က ဆိုသည်။ မွန်ဂိုလီးယားသည် ဆိုဗီယက်အစိုးရ၏ သြဇာခံနိုင်ငံဖြစ်စဉ်က လှည့်လည်သွားလာနေထိုင်သည့် လူနေမှုစနစ်ကို တင်းကျပ်စွာ ထိန်းချုပ်ထားသည်။ တိရစ္ဆာန်များကို စုပေါင်းပိုင်ဆိုင်မှုအောက်တွင်ထား၍ အရေအတွက် ကန့်သတ်ထားသည်။ တိရစ္ဆာန်ဆေးကုရေး ဝန်ဆောင်မှု၊ ဆောင်းတွင်း တိရစ္ဆာန်အစားအစာနှင့် အာမခံသည့် ဈေးကွက်တစ်ခုတို့ကို အစိုးရက ထောက်ပံ့ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်၌ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီး နောက်ပိုင်း မွန်ဂိုလီးယားသည် တစ်ပါတီစနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းခဲ့သည်။ သုံးနှစ်ကြာ ပြီးနောက် တိရစ္ဆာန်အုပ်စုများကို ပုဂ္ဂလိကပိုင်ဆိုင်မှု ဖြစ်လာပြီး တစ်ဦးချင်းပိုင်ဆိုင်သည့် တိရစ္ဆာန်ကောင်ရေမှာ များပြားလာသည်။ ယခင်က သတ်မှတ်ထားသည့် အရေအတွက်ထက် သုံးဆဖြစ်လာသဖြင့် စာကျက်မြေ၏ အရည်အသွေးလည်း ပျက်စီးသွားသည်။ အစိုးရ၏ ယခင်က အထောက်အပံ့လည်း ပျောက်ကွယ်သွားခဲ့သည်။

မွန်ဂိုလီးယားအစိုးရသည် ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် တိရစ္ဆာန် ဆေးကုသမှုတို့ကို ဝေးလံသော တိရစ္ဆာန် ထိန်းကျောင်းသူများ နေထိုင်သည့်အရပ်သို့မတိုးချဲ့နိုင်ခဲ့ပေ။ တိရစ္ဆာန် ထိန်းကျောင်းရေးသည် စီးပွားရေးအရ တွက်ခြေမကိုက်လှပေ။ ခြံကျယ်စနစ်ဖြင့် တိရစ္ဆာန်မွေးမြူရေးလုပ်ငန်း ၈၀ ရာခိုင်နှုန်းကို အချမ်းသာဆုံး ပိုင်ရှင် ၂၀ ရာခိုင်နှုန်းက ထိန်းချုပ်ထားပြီး ၎င်းတို့ထဲမှ မြို့နေအထက်လွှာများက ၎င်းတို့၏ တိရစ္ဆာန်အုပ်စုများကို လုပ်ခပေး၍ စောင့်ရှောက်ခိုင်း သည်။ မွန်ဂိုလူမျိုး မိသားစု ၂၀ဝ,ဝ၀ဝ ကျော်က တိရစ္ဆာန်ထိန်းကျောင်းသည့် အလုပ်အပေါ်  မှီခိုကြသည်။ ဆိုလာပြား၊ စမတ်ဖုန်းနှင့် တီဗီများရှိကြသော်လည်း ၎င်းတို့ နေထိုင်မှုဘဝမှာ ခဲယဉ်းကြမ်းတမ်း နေကြသေးသည်။ ဆောင်းတွင်း၌ အအေးဒဏ်ကို ကာကွယ်ရန် ကျောက်မီးသွေးလောင်စာကို သုံးစွဲသဖြင့် မွန်ဂိုလီးယား နိုင်ငံမြို့တော်သည် ကမ္ဘာပေါ် တွင် လေထုအညစ်ညမ်းဆုံးအခြေအနေရောက်ရှိပြီး အသက်ရှူခြင်းဆိုင်ရာ ရောဂါများ ဆယ်စုနှစ်တစ်ခုအတွင်း သုံးဆနီးပါး တိုးလာကြောင်း သိရသည်။