ရေစကြိုမြို့နယ်တွင် ရဟန်းတစ်ပါးထံမှ စိတ်ကြွဆေးနှင့် ဘိန်းဖြူများ သိမ်းဆည်းရမိမှု ဇူလိုင် ၁၂ ရက်က ဖြစ်ပွားခဲ့ကြောင်း ရေစကြိုမြို့မရဲစခန်းမှသိရသည်။
အဆိုပါနေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ကံသစ် ကျေးရွာတောင်ဘက် အိုင်ပေါက်ကြီးဇရပ်တွင် ရောက်ရှိနေသည့် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် လွဲမွန်ကျေးရွာ ရွှေမဉ္ဇူကျောင်းမှ ဦးဣသာရိယ (ခ) မောင်ဝင်း (၄၂ နှစ်) ကို မသင်္ကာသဖြင့် ရေစကြို မြို့မစခန်း ရဲအုပ် စိုးဝင်းခိုင် နှင့်အဖွဲ့ကရှာဖွေ စစ်ဆေးခဲ့သည်။
၄င်းပိုင်အဝါရောင် လွယ်အိတ်အတွင်းမှ စိတ်ကြွဆေး ၁၉၈ ပြား နှင့် ဘိန်းဖြူဟုယူဆရသည့် ပင်နယ် ဆလင်ပုလင်း ဖြင့်ထည့်ထားသည့် ဖြူဝါရောင် ရောစပ်ထားသောပုလင်း ၂လုံး ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
ရေစကြိုမြို့မရဲစခန်းက မယ(ပ)၁/၁၈၊ မူးယစ်ပုဒ်မ ၁၉(က)အရ အမှုဖွင့်အရေးယူထားသည်။

















