မြောက်ကိုရီးယားထံမှ တရုတ်က သွင်းကုန်တင်သွင်းမှုသည် ဇွန်လအတွင်း ပြီးခဲ့သည့်နှစ်အလားတူကာလထက် ၉၂ ဒသမ ၆ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း သိရသည်။ လွန်ခဲ့သည့်နှစ်က နျူကလီးယားနှင့် ဒုံးကျည်စီမံကိန်းများကြောင့် မြောက်ကိုရီးယားကို ကုလသမဂ္ဂက ပိတ်ဆို့ခဲ့ပြီးနောက် ယင်းသို့ကျဆင်းခဲ့ခြင်းဖြစ်သည်။
တရုတ်အကောက်ခွန်ဌာနထုတ်ပြန်ချက်အရ တရုတ်မှ ရေနံနှင့် အခြားကုန်စည်များ မြောက်ကိုရီးယားသို့ တင်ပို့မှုသည်လည်း ၄၀ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ဇွန် ၁၂ ရက်တွင် သမ္မတထရမ့်နှင့် ကင်ဂျုံအွန်တို့ ထိပ်သီးချင်း တွေ့ဆုံနိုင်၍ သံတမန်ရေးရာဆက်ဆံမှု တိုးတက်သော်လည်း ကုန်သွယ်ရေးထိန်းချုပ်မှုက ရှိနေဆဲဖြစ်သည်။
အထီးကျန်မြောက်ကိုရီးယားအတွက် ကုန်သွယ်ရေးနှင့် စွမ်းအင်လိုအပ်ချက် အားလုံးနီးပါးကို တရုတ်က ထောက်ပံ့သည်။ တရုတ်သည် မြောက်ကိုရီးယားသို့ ရေနံတင်ပို့မှုကို သိသိသာသာကန့်သတ်ခဲ့ပြီး မြောက်ကိုရီးယားမှ အထည်အလိပ်၊ ပင်လယ်စာနှင့် ကျောက်မီးသွေးတင်သွင်းမှုကို တားမြစ်ခဲ့သည်။ အလားတူ တရုတ်ရှိ ပြုံယမ်းပိုင် စားသောက်ဆိုင်နှင့် အခြားလုပ်ငန်းများကိုလည်း ပိတ်ပစ်ခဲ့သည်။
ယခုနှစ် ပထမခြောက်လအတွင်း မြောက်ကိုရီးယားကုန်စည်များ တရုတ်တင်သွင်းမှုသည် ယမန်နှစ်အလားတူ ကာလထက် ၈၈ ဒသမ ၇ ရာခိုင်နှုန်းလျော့ကျခဲ့ကာ ယွမ် သန်း ၆၉၀ (ဒေါ်လာ ၁၀၃ သန်း)သာရှိသည်။ ကုန်တင်ပို့မှုသည်လည်း ၄၃ ဒသမ ၁ ရာခိုင်နှုန်းကျဆင်းကာ ယွမ် ၆ ဒသမ ၄ ဘီလီယံ (ဒေါ်လာ သန်း ၉၆၀)သာ ရှိသည်။ မြောက်ကိုရီးယားသို့ တရုတ်မှ ကုန်တင်ပို့မှုသည် ၁၁ လဆက်တိုက် ကျဆင်းနေခြင်းဖြစ်ပြီး ကုန်တင်သွင်းမှုမှာ ၁၀ လဆက် ကျဆင်းခဲ့သည်။

















