ဗြိတိန်၏ဘရက်ဇက်အစီအစဉ်ကို အမေရိကန်သဘောမတူနိုင် ရှေ့ဆက်လာလျင် အီးယူနှင့်သာဆွေးနွေးမည်ဟု ထရမ့်ပြောဆို

ဗြိတိန်၏ဘရက်ဇက်အစီအစဉ်ကို အမေရိကန်သဘောမတူနိုင် ရှေ့ဆက်လာလျင် အီးယူနှင့်သာဆွေးနွေးမည်ဟု ထရမ့်ပြောဆို

ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ၏ ဘရက်ဇစ်စီမံကိန်းကို သဘောမတူနိုင်၍ ရှေ့တိုးဆောင်ရွက်လာမည်ဆိုပါက အမေရိကန်နှင့် သဘောတူညီမှုရမည်မဟုတ်ဘဲ အမေရိကန်သည် ဗြိတိန်အစား ဥရောပသမဂ္ဂ(အီးယူ)နှင့်သာ ဆွေးနွေးမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုလိုက်သည်။

ဗြိတိန်သို့ ပထမဆုံးရောက်ရှိနေသည့် သမ္မတထရမ့်က ဝန်ကြီးချုပ်ထရီဆာမေနှင့်တွေ့ဆုံရာတွင် ယင်းသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ သမ္မတထရမ့်ကို ခမ်းခမ်းနားနား ဧည့်ခံကြိုဆိုခဲ့သည့် ထရီဆာမေသည် အီးယူမှဗြိတိန် ထွက်ခွာရေး၄င်း၏စီမံကိန်းက ဗြိတိန်နှင့်အမေရိကန်အတွက် အခွင့်အလမ်းတစ်ခုဟု ပြောဆိုခဲ့ပြီးဖြစ်သည်။ ထရမ့်သည် မကြာမီက ရာထူးမှနှုတ်ထွက်သွားသည့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဘောရစ်ဂျွန်ဆင်ကို ဝန်ကြီးချုပ် ဖြစ်လာလိမ့်မည်ဟု ချီးကျူးပြောဆိုခဲ့ပြီး လန်ဒန်မြို့တော်ဝန် ဆဒစ်ခန်ကိုမူ အကြမ်းဖက်မှုမနှိမ်နင်းနိုင်ခဲ့ဆိုကာ ထပ်မံတိုက်ခိုက် ဝေဖန်ခဲ့သည်။

ဘရက်ဇစ်အရေး ထရီဆာမေ၏အဆိုပြုချက်ကို ထရမ့်ကသဘောမတူသကဲ့သို့ ထရမ့်လုပ်ဆောင်စေလိုသည့်နည်းလမ်း ကိုလည်း ထရီဆာမေက လက်မခံကြောင်း သိရသည်။ ထရမ့်က အမေရိကန်နှင့် ကုန်သွယ်ရေးကို မျှမျှတတ မဆောင်ရွက်လိုသည့် အီးယူသည်ပြိုကွဲနေပြီနေပြီဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။ သမ္မတထရမ့်၏ ပြောဆိုမှုကို ဗြိတိန်ကွန်ဆာဗေးတစ်အမတ်အချို့က သဘောထားကွဲပြားမှုကို ရိုင်းစိုင်းစွာဖော်ပြမှုဟု မှတ်ချက်ပြုကြပြီး လေဘာပါတီအမတ်အချို့ကမူ ထရီဆာမေ၏ ဘရက်ဇစ်အစီအစဉ် ညံ့ဖျင်းပုံကို သက်သေပြမှုများ တိုးပွားလာကြောင်း ပြောဆိုကြသည်။

သမ္မတထရမ့်၏မှတ်ချက် ထွက်ပေါ်လာချိန်သည် ကာလကြာရှည်စောင့်ဆိုင်းခဲ့ရသည့် အီးယူမှဗြိတိန်ခွဲထွက်ပြီးနောက်ပိုင်း အီးယူနှင့်ဗြိတိန်ဆက်စပ်မှုကို ထရီဆာမေအစိုးရ အဆိုပြုချက် ထုတ်ပြန်လိုက်ချိန်လည်း ဖြစ်သည်။ သမ္မတထရမ့်၏ ခရီးစဉ်တွင် သမ္မတကတော် မယ်လင်နီယာထရမ့်လည်း လိုက်ပါခဲ့ပြီး ၄င်းတို့မောင်နှံသည် ဇူလိုင် ၁၃ ရက်မွန်းလွဲပိုင်းတွင် ဝင်ဆာရဲတိုက်သို့သွားရောက်ကာ ဘုရင်မကြီး အဲလိဇဘက်(၂)ကို တွေ့ဆုံခဲ့ကြသည်။