ကင်ဂျုံအွန်ထံမှ သိမ်မွေ့သည့်စာတစ်စောင်ရရှိခဲ့ကြောင်း ထရမ့်ထုတ်ပြန်

ကင်ဂျုံအွန်ထံမှ သိမ်မွေ့သည့်စာတစ်စောင်ရရှိခဲ့ကြောင်း ထရမ့်ထုတ်ပြန်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ထံမှ ဇူလိုင် ၆ ရက်ရက်စွဲဖြင့် သိမ်မွေ့ငြင်သာသည့် စာတစ်စောင် လက်ခံရရှိခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ပြန်ခဲ့သည်။ ကင်၏ရေးသားမှုသည် သိမ်မွေ့ကြောင်း ထရမ့်ကပြောဆိုသော်လည်း မြောက်ကိုရီးယား၏ နျူကလီးယားကင်းစင်ရေးရည်ရွယ်သည့် လုံ့လထုတ်မှုကိုမူ မှတ်ချက်မပေးခဲ့ပေ။

ကင်၏စာကို အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုထုတ်ပြန်ခဲ့ရာ သမ္မတထရမ့်ကိုချီးကျူးမှုများ၊ အနာဂတ်ဖြစ်ပေါ် တိုးတက်မှုများအတွက်  နှစ်ဘက်ယုံကြည်မှုတည်ဆောက်ရေး၊ နောက်ထပ် တွေ့ဆုံဆွေးနွေးရေးဆီ ဦးတည်ရေးတို့ ပါဝင်ခဲ့ပြီး ယင်းကို ကြီးမားသည့်တိုးတက်မှုဟု ထရမ့်က တွစ်တာတွင် ရေးသားခဲ့သည်။

ထရမ့်နှင့်ကင်တို့သည် ဇွန် ၁၂ ရက်က စင်ကာပူတွင် ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ပြီး ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားလက်နက်ကင်းစင်ရေး ရှေးရှုဆောင်ရွက်ရန် နှစ်ဘက်သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။ ယင်းအတွက် အမေရိကန်ကလည်း တောင်ကိုရီးယားတွင် စစ်ရေးလေ့ကျင့်မှုရပ်ဆိုင်းရန် သဘောတူခဲ့သည်။

သို့သော် မြောက်ကိုရီးယားထံမှ တိကျသည့်ကတိမရရှိခဲ့ဟု ဝေဖန်ခံရပြီးနောက် ထရမ့်အစိုးရက မြောက်ကိုရီးယားကို နျူလက်နက်ဖျက်သိမ်းရေး ထပ်မံဖိအားပေးခဲ့သည်။ ယင်းကြောင့် လွန်ခဲ့သည့်အပတ်က အမေရိကန်သည် လူဆိုးဂိုဏ်းဆန်ဆန် နည်းစနစ်ကျင့်သုံး၍ တစ်ဘက်သတ်အကျပ်ကိုင်နေကြောင်း မြောက်ကိုရီးယားက စွပ်စွဲခဲ့သည်။

အခြားတစ်ဘက်တွင် မြောက်ကိုရီးယားသည် ရေနံထုတ်ကုန်ပိတ်ဆို့မှုကို ချိုးဖောက်ကြောင်း အမေရိကန်က စွပ်စွဲမှုများ ရှိနေကြောင်း သိရသည်။